နေပြည်တော်မှာ ရေကြီးရေလျှံဖြစ်နေ

ပျဉ်းမနားမြို့နယ်မှာ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ ငလိုက်ချောင်းရေ ရုတ်တရက်မြင့်တက်လာတာကြောင့် ပျဉ်းမနားမြို့ပေါ်ရပ်ကွက်တချို့နဲ့ ရွာတချို့ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်မှာ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ ငလိုက်ချောင်းရေ ရုတ်တရက်မြင့်တက်လာတာကြောင့် ငလိုက်ချောင်းဘေးမှာရှိတဲ့ ပျဉ်းမနားမြို့ပေါ်ရပ်ကွက်တချို့နဲ့ ရွာတချို့ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၂ နာရီခန့်မှာ ရုတ်တရက်ရေကြီးတာကြောင့် ချောင်းဘေးက နေအိမ်တချို့နဲ့ အသုံးအဆောင်ပရိဘောဂတချို့ ရေထဲမျောပါသွားတယ်လို့ ပျဉ်းမနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက်အစောကြီးဆိုတော့ ဘာမှ ယူချိန်မရလိုက်ဘူးလေ။ ရေခဲသေတ္တာတွေရော ရေထဲမျောသွားတာရှိတယ်။ ရေက ရုတ်တရက်ကြမ်းသွားတော့ မခိုင်တဲ့ နေအိမ်သေးသေးတချို့လည်း ရေထဲမျောသွားတာရှိတယ်။ ညက မိုးတအားများတော့ ဆည်ကလည်း ရေလွှတ်လိုက်ပုံရတယ်။ တချို့နေရာတွေမှာ ရေက အိမ်ခေါင်မိုးအထိ ရောက်နေပြီ"

ငလိုက်ချောင်းဟာ နေပြည်တော်က လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ နေပြည်တော်ကောင်စီအနီးကနေ ပျဉ်းမနားမြို့က ရပ်ကွက်တွေအတွင်း ဖြတ်သန်းစီးဆင်းတဲ့ချောင်းဖြစ်ပြီး လက်ရှိမှာ အနိမ့်ပိုင်းဖြစ်တဲ့ ပျဉ်းမနားမြို့နဲ့ ရွာတချို့မှာ ရေကြီးမှုနဲ့ ကြုံနေရတာပါ။

လက်ရှိမှာ ပျဉ်းမနားမြို့ထဲက ငလိုက်ချောင်းကူးတံတား ငါးခုရှိတဲ့အနက် ၉ လမ်းတံတား၊ ၆ လမ်းတံတားနဲ့ ၂ လမ်းတံတားတို့ကို အာဏာပိုင်တွေက ဖြတ်သန်းခွင့်ပိတ်ထားပြီး ရေကြီးတဲ့နေရာတွေမှာ လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ပျဉ်းမနားမြို့အရှေ့ဘက်မှာရှိတဲ့ ကူးတိုးဆိပ်ရွာ ရွာလုံးကျွတ် ရေဝင်နစ်မြုပ်နေပြီး တချို့ရွာတွေလည်း ရွှေ့ပြောင်းနေရတာရှိတယ်လို့ ဆိုပါတယ်။

ပျဉ်းမနားမြို့ပေါ်မှာတော့ နီးစပ်ရာ ဓမ္မာရုံတွေကို ရေးဘေးသင့်သူတွေ ရွှေ့ပြောင်းနေထိုင်နေကြပြီး ပရဟိတအဖွဲ့အစည်းတွေက ထမင်းထုပ်ဝေတာတွေနဲ့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးတာတွေ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေးဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org