ထီးလင်းမှာ ရွာပေါင်း သုံးဆယ်ခန့် ရေဘေးဒဏ်ကြုံနေရ

ထီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မောချောင်းရေလျှံပြီး ရွာ သုံးဆယ်နီးပါးက လူ သုံးထောင်နီးပါး ရေဘေးဒဏ်ကြုံနေရတယ်လို့ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ မောချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ ဒီနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မောချောင်းရေလျှံပြီး ရွာပေါင်း သုံးဆယ်နီးပါးက လူ သုံးထောင်နီးပါး ရေဘေးဒဏ်ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မောချောင်းတစ်လျှောက်မှာရှိတဲ့ သရခါ၊ ထလင်း၊ တောရောင်း၊ ပုဏ္ဏား၊ ထန်းပင်ကုန်း၊ ဝက်သက်မြောက်၊ ဝက်သက်တောင်၊ ဝက်သက်အရှေ့၊ ဝက်သက်ရွာမ၊ အကြည်ဝါးဘင်းနဲ့ လောင်းဘိုလေး စတဲ့ အနီးပတ်ဝန်းကျင်က ရွာပေါင်း သုံးဆယ်ခန့် ရေဘေးဒဏ် ကြုံနေရတာလို့ ပြောပါတယ်။

ဒေသခံတွေဟာ ဘေးလွတ်ရာ ကုန်မြင့်တွေကို ပြောင်းရွှေ့နေကြရတယ်လို့လည်း ပြောပါတယ်။ ချောင်းနံဘေး တောတွေထဲက စစ်ပြေးဒုက္ခသည်တွေရဲ့ တဲတွေလည်း ရေထဲမျောပါတာတွေရှိပြီး ရွာတွေထဲက နေအိမ်တွေကတော့ ရေမြုပ်တာမရှိဘူးလို့ ပြောပါတယ်။ ရေလွှမ်းတာကြောင့် သေဆုံးဒဏ်ရာရတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတွေဟာ စစ်ဘေးဒဏ်ရော၊ ရေဘေးဒဏ်ပါ ကြုံနေကြရတာဖြစ်ပြီး လက်ရှိအချိန်အထိ အရေးပေါ် အကူအညီတွေလည်း မရကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခု လက်ရှိမှာလည်း မိုးတွေက တအား အဆက်မပြတ်ရွာတယ်။ ပြည်သူတွေမှာ တအား ဒုက္ခရောက်နေတဲ့ အနေအထားပေါ့။ အိမ်မှာမထားရဲလို့ တောထဲမှာထားတဲ့ ပစ္စည်းတွေကလည်း မိုးများတော့ ချောင်းရေလျှံလို့ တဲတွေရော၊ ပစ္စည်းတွေရော မျောပါသွားတာတွေရှိတယ်။ ဒီလို သဘာဘေးဒဏ်ရော၊ စစ်ဘေးဒဏ်ပါ လှိမ့်ပြီး တော်တော်ခံနေရတယ်"

ချောင်းရေလျှံမှုနဲ့အတူ လမ်းတံတားအချို့ပါ ပျက်စီးနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org