နှစ်ရက်အတွင်း မိုးများနိုင်တဲ့ ဒေသတွေ မိုးဇလ ထုတ်ပြန်
တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ နောက်နှစ်ရက်အတွင်း မိုးများလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
-
2018-08-13 -
-
-
တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ နောက်နှစ်ရက်အတွင်း မိုးများလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
လေဖိအားရပ်ဝန်းကြောင့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် ၊ တနင်္သာရီတို့မှာ မိုးပိုနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်ပေါ့နော်၊ ဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်တော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ မုန်သုန်လေ အားအလွန်ကောင်းနေတယ် ကမ်းရိုးတန်းတွေ အကုန်လုံးတော့ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ကရင်၊ တနင်္သာရီ်ပေါနော်၊ ကမ်းရိုးတန်းဒေသတွေမှာတော့ ဒီရက်ပိုင်းမှာ မိုးပိုနိုင်တဲ့ အနေထားရှိပါတယ်"
ဒီရက်ပိုင်းမှာပဲ ထူးကဲဒီရေတက်နိုင်တာကြောင့် ဘီးလင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ သံလွင်မြစ်တွေဟာ သာပေါင်း၊ ဘီးလင်း၊ မအူပင်၊ ဘားအံမြို့တွေအတွက် စိုးရိမ်ရေမှတ်နဲ့အထက်ကို တက်နိုင်တယ်လို့ သတိပေးထားပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့ညက ထူးကဲဒီရေတက်တာကြောင့် မြေနိမ်တဲ့ရပ်ကွက်တွေက နေအိမ် ၅ဝဝ နီးပါး ရေဝင်ခဲ့ပြီး ပေါင်မြို့နယ်မှာဆိုရင် နေအိမ် ၃၇ လုံးပြိုကျပျက်စီးခဲ့ပါတယ်။ အလှပ်ကျေးရွာဆေးရုံက လူနာ ၃ဝ ကို ဘုန်းကြီးကျောင်းကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။
ရန်ကုန်မြို့ကမ်းနားလမ်းနဲ့ ပုသိမ်မြို့တွေမှာလည်း ထူးကဲဒီရေကြောင့် ကမ်းနားလမ်းတွေပေါ်မှာ ရေကျော်နေပြီး နောက်ရက်တွေလည်း ထူးကဲဒီရေတက်နိုင်တယ်လို့ သတိပေးထားပါတယ်။