ပန်းသပိတ်မှာပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့ခံနှစ်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး တစ်ဦးရဲ့ ဦးခေါင်းမှာ ပန်းပန်ထားတာ တွေ့ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ တစ်နေရာကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနဲ့ ၈၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ဇွန်လ ၁၉ ရက် ဒီနေ့မနက်ပိုင်းက အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားရှစ်ဦးခန့် အိမ်စီးကားနှစ်စီးနဲ့ ရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး တစ်ဦးရဲ့ ဦးခေါင်းမှာ ပန်းပန်ထားတာ တွေ့ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်ထဲကိုဝင်ပြီး ဆိုင်ထဲမှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကို ခေါ်သွားတာပေါ့။ တစ်ယောက်ကတော့ ပန်းပန်ထားတာ။ ခဏလိုက်ခဲ့ပါဆိုပြီး ဒီလိုမျိုးပဲခေါ်သွားတာ။ ပန်းပန်ထားလို့ ဖမ်းသွားတယ် ထင်တာပေါ့”

ဘာကြောင့် ဖမ်းသွားတယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

မန္တလေးသပိတ်အင်အားစုတွေကတော့ ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အထင်ကရ နေရာတွေမှာ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မန္တလေးမြို့ ရွှေယမင်း လက်ဖက်ရည်ဆိုင်အတွင်း ပန်းသပိတ်စုဖွဲ့ပြုလုပ်တဲ့ အမျိုးသမီးလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီအမျိုးသမီးလေးဦး ဖမ်းဆီးခံရတယ်ဆိုတာနဲ့ ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး မန္တလေးမှာ ဖမ်းဆီးခံရသူ ဆယ်ဦးခန့်ရှိတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မန္တလေးမြို့အပါအဝင် ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၈ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း ၂၆,၈၈၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၀,၆၀၈ ဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org