FMI ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ဦးသိမ်းဝေ အနားယူ

FMI ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ဦးထွန်းထွန်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ရိုးမဘဏ် ဥက္ကဋ္ဌ ဆာ့ဂျ်ပန်း ခေါ် ဦးသိန်းဝေ အား သူ၏ရုံးခန်းတွင် ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ Reuters

 ဦးသိမ်းဝေ (ခေါ် ) Serge Pun ဟာ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ စက်တင်ဘာ ၅ ရက်နေ့မှာ အနားယူလိုက်ကြောင်း FMI ကုမ္ပဏီ က သတင်းထုတ်ပြန်လိုက်ပါတယ်။

FMI ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ဦးထွန်းထွန်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဦးသိမ်းဝေကို ပြီးခဲ့တဲ့ မေလမှာ စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးနောက် စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd. ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကနေ ဇူလိုင်လမှာ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးသိမ်းဝေ ပိုင်ဆိုင်တဲ့ ရိုးမဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေဟာ အိမ်ရာချေးငွေတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ချေးခဲ့တဲ့ ဘဏ်တွေကို ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ-၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အသက် ၇၁ နှစ်အရွယ် တရုတ်နွယ်ဖွား ခရိုနီ လုပ်ငန်းရှင်ကြီး ဦးသိမ်းဝေရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ရိုးမဘဏ်အပြင်၊ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI၊ Serge Pun and Associates (SPA) ကုမ္ပဏီ၊ ပန်းလှိုင်ဂေါက်ကွင်းနဲ့အိမ်ယာ၊ ဆူဇကီး ဝက်ဂွန် ကားစက်ရုံ၊ သန်လျှင် စတားစီးတီး အိမ်ရာ၊ KFC ကြက်ကြော်ဆိုင်ခွဲတွေနဲ့ အခြားလုပ်ငန်း အမျိုးမျိုး ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org