တရုတ်ဘက်အားကိုးနေရတဲ့ ခေါင်လန်ဖူးဒေသမှာ ရိက္ခာခက်ခဲနေ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာအတွက် နယ်ခြားဖြတ်တင်သွင်းမှုကို အားကိုးနေရတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
အဲလိဇဘက်ဂျန်မာ
2020-09-26 -
-
-
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာ အတွက် နယ်ခြားဖြတ်တင်သွင်းမှုကို အားကိုးနေရတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကပ်ဘေးကာလ ဒေသအသီးသီးမှာ မတူညီတဲ့ အခက်အခဲတွေ ရှိနေပြီး တစ်ရွာနဲ့တစ်ရွာ သွားလာရေး ခက်ခဲ လွန်းတဲ့ ခေါင်လန်ဖူးမြို့နယ်မှာ ရင်ဆိုင်နေရတာကတော့ စားနပ်ရိက္ခာ ဝယ်ယူရခက်ခဲနေခြင်းပဲ ဖြစ်ပါတယ်။
နယ်စပ်နဲ့ တစ်ရက်ခရီးလောက်သာ သွားရတဲ့ ကျေးရွာတွေကတော့ ဆန်၊ ဆီ၊ ဆားတွေကို တရုတ်နယ်စပ်ဂိတ်တွေ ကနေတစ်ဆင့် ဝယ်ယူစားသုံးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန်မှာ ခေါင်လန်ဖူးမြို့နယ်ထဲက တရားမဝင် တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ နယ်စပ်မှတ်တိုင် ၃၀၊ ၃၁၊ ၄၅ နဲ့ ၄၁ နေရာတွေကို တရုတ်ဘက်က ပြီးခဲ့တဲ့ မတ်လကတည်းက ပိတ်ထားလိုက်တာပါ။
ဒီလို ပိတ်ထားပြီနောက်ပိုင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ ခြောက်လ ကျော်လာပြီဖြစ်လို့ ရိက္ခာရှားပါးနေပြီလို့ ခေါင်လန်ဖူး ဒေသခံ တစ်ဦးဖြစ်တဲ့ ဉီးဒခွမ်ဖေရမ် က ပြောပါတယ်။
"အဝေးက ရွာတွေက တရုတ် ရှိန်းခေါင်ဘက်က တရုတ်ဆန်တွေ အများပိုင်းက ဝယ်ယူစားကြတာ ဟုတ်တယ်။ အခု တရုတ်လမ်းက ပိတ်လိုက်တော့ တရုတ်ဘက်က ဆန်မဝင်တော့ စားနပ်ရိက္ခာ ပြတ်တာ ဟုတ်တယ်။"
ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ခေါင်လန်ဖူးဒေသက ကျေးရွာတွေမှာ ဆန်အိတ် အများအပြား လှူဒါန်းခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။
"ခေါင်လန်ဖူးနယ်စပ်တွေကို ဆန်အိတ် ရှစ်ရာ ခေါင်လန်ဖူးနဲ့အစပ်ဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်နေပို့တာက ၂၀၀ စုစုပေါင်း အိတ်တစ်ထောင် လှူခဲ့ပါတယ်။ ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုကလည်း ဇွန်လိုင်လ နောက်ဆုံးအပတ် လောက်မှာပဲ စုစုပေါင်းအိတ် ၂၂၇၀ ကျော်လည်း ခေါင်လန်ဖူးဒေသကို ပို့ခဲ့ပါတယ်။"
ပူတာအိုနဲ့ ခေါင်လန်ဖူးမြို့နယ်အကြား ဇီးဒန်းကျေးရွာအထိပဲ ကားလမ်းပေါက်တာပါ။ အဲဒီကနေ ခေါင်လန်ဖူး မြို့နယ်ထဲက ကျေးရွာတွေကို သွားတဲ့လမ်းက တောင်ထူထပ်လွန်းတာကြောင့် ဆိုင်ကယ်တွေပဲ သွားလို့ရတဲ့လမ်း ဖြစ်ပါတယ်။ ခြေလျင်သွားသူ ရှိသလို ကုန်ပစ္စည်းသယ်ယူဖို့လားကို သုံးသူလည်း ရှိပါတယ်။
ခေါင်လန်းဖူးမြို့ကနေ ရွာတစ်ရွာနဲ့တစ်ရွာဟာ ၅ မိုင်ကနေ မိုင် ၇၀ လောက်အထိ အကွာအဝေးရှိပြီး အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်အထိ လမ်းလျှောက်သွားရတာပါ။
အစိုးရ ထောက်ပံ့ပေးတဲ့ဆန်ရိက္ခာဟာ လမ်း တစ်ဝက်လောက်အထိပဲ ပို့ပေးနိုင်တာကြောင့် တကယ်လိုအပ်တဲ့ ရွာတွေအထိရောက်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံ နောက်တစ်ဦးဖြစ်တဲ့ ကိုဆားအောင်က ပြောပါတယ်။
ဆန်မရှိလို့ တခြား သစ်ဥ၊ သစ်ဖုတွေ ရှာဖွေ ချက်ပြုတ် စားသောက်နေရတယ်လို့ ကိုဆားအောင်က ရှင်းပြပါတယ်။
"အခုချိန်မှာ ပူတာအိုပြည်တွင်းလမ်း မြန်မာပြည် ပြည်တွင်းလမ်းက ပူတာအိုကနေ ကားလမ်းက ခေါင်လန်ဖူး ထိ မပေါက်လို့ အစိုးရက ထောက်ပံ့တဲ့ဟာတွေလည်း လမ်းတစ်ဝက်အထိပဲ ရောက်တယ်ဆိုတော့ ဒေသခံတွေ က ခြေလျင် လမ်းလျှောက်ပြီးတော့ ၆ ရက်၊ ၇ ရက် လျှောက်ပြီး လာထမ်းရမယ်ဆိုတော့ ဘယ်လိုမှသူတို့က ဆန်တစ်အိတ်လာထမ်းဖို့နဲ့ လမ်းမှာ ကုန်မယ့်ဟာနဲ့ မကိုက်တော့ သူတို့ ဒေသက ထွက်တဲ့ အစားအစာနဲ့ပဲ ဖြေရှင်းတာများတယ်။ ဒေသထွက် သစ်မင်းတို့ ဥလိုင်တို့ အဲဒီလိုမျိုးနဲ့ပဲ ဖြေရှင်းတယ်။ တော်တော်လေး စားနပ်ရိက္ခာခက်ခဲတယ်။"
ခေါင်လန်ဖူးမြို့နယ်မှာ ကျေးရွာအုပ်စု နှစ်ဆယ့်လေးခုက အိမ်ခြေ နှစ်ထောင်ကျော်မှာ လူဉီးရေ တစ်သောင်းကျော် နေထိုင်နေကြတာပါ။
ကပ်ဘေးကာလအတွင်း တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးမယ့် အရိပ်အယောင် မပြသေးသလို လမ်းခရီး အဆင်မပြေမှုနဲ့ မိုးရာသီကြောင့် မြစ်ကြီးနားက စီစဉ်ပေးတဲ့ ဆန်အိတ်တွေကလည်း ဒေသခံ အများအပြားဆီ ရောက်ရှိဖို့ ခက်ခဲနေပါတယ်။