စစ်တွေမြို့မှာ နိုင်ငံခြား သံရုံးအရာရှိတွေနဲ့ ရခိုင်အဖွဲ့အစည်းတွေ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများ တိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင် အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။
-
2013-03-11 -
-
-
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများတိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင်အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။
အဲဒီလို သီးသန့်စီဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်း အုပ်စုနှစ်ခုအကြား သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သဘောထားအမြင်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လို့ရှိရင် ဆင်းရဲမွဲတေမှုတို့ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲနိမ့်ကျနေတဲ့ အနေအထားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အခြေအနေကို ရနိုင်မလားဆိုပြီးတော့ မေးတဲ့အနေအထားဖြစ်ပါတယ်”
ရခိုင်ပြည်နယ်က အုပ်စုနှစ်ခုအကြား ပြဿနာပြေငြိမ်းရေး နည်းလမ်းတွေအပြင် နိုင်ငံသားမဟုတ်သူတွေကို အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။
ပြဿနာပြေလည်သင့်မြတ်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့အတွက် အမေရိကန်သံအမတ်ကြီးအနေနဲ့ မူဆလင်တွေဘက်ကိုလည်း ဆက်လက်တွေ့ဆုံဖို့ရှိသလို ဒီကနေ့ပေါက်တောနဲ့ မြေပုံမြို့နယ်တွေကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။
အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အဖွဲ့ဟာ အခုခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့သလို၊ ရခိုင်ပြည်နယ်အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့လည်း မနေ့ကတွေ့ဆုံပြီး ဒုက္ခသည်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။