လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်လုပ်သူတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်
လူမှုကွန်ရက်စာမျက်နှာ ၁၅ ခုထက်မနည်းကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၄၂ အရ ဆက်လက်အရေးယူသွားမယ်လို့ အဲဒီ ၁၅ ခုရဲ့ အမည်တွေနဲ့တကွ ဗဟိုဘဏ်က ဖော်ပြခဲ့ပါတယ်။
- 2022-10-17
-
-
-
တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်လုပ်နေတဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ - ၄၂ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိလည်း လူမှုကွန်ရက်စာမျက်နှာပေါ်က Perfect Money နဲ့ B to P Money echange တို့ကို တရားစွဲနိုင်ဖို့ ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီနှစ်ခုဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၃၈ ကို ဖောက်ဖျက်ကျူးလွန်တာ ကြောင့် အရေးယူ ဆောင်ရွက်တာလို့လည်း ဗဟိုဘဏ်က ဆိုပါတယ်။
ပုဒ်မ - ၃၈ ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုတဲ့ နောက်ထပ် လူမှုကွန်ရက်စာမျက်နှာ ၁၅ ခုထက်မနည်းကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၄၂ အရ ဆက်လက်အရေးယူ သွားမယ်လို့ အဲဒီ ၁၅ ခုရဲ့ အမည်တွေနဲ့တကွ ဗဟိုဘဏ်က ဖော်ပြခဲ့ပါတယ်။
ပြည်ပက ကုန်ပစ္စည်းတင်သွင်းနေတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဗဟိုဘဏ်အနေနဲ့ အွန်လိုင်းပေါ်က နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကို လိုက်တိုက်ခိုက်မယ့်အစား ဘဏ်တွေကနေ ပြည်ပကုန်တင်သွင်းသူတွေကို ဒေါ်လာ အမှန်တကယ် ရောင်းပေးစေ ချင်တယ်လို့ ပြောပါတယ်။
“အဲဒီ (လူမှုကွန်ရက်စာမျက်နှာ) ထဲမှာအစုံရှိတယ်။ ကျနော်ထင်တာပြောရရင်တော့ CB ဘဏ်ကလူတွေလည်း ရှိတယ်။ AD ဘဏ်ကလူတွေလည်းရှိတယ်။ သူတို့လည်း မြင်နေရ တာပဲဗျာ။ သူတို့လည်း အလုပ်လုပ်လို့ ရနေတာပဲ ဆိုတော့ လိုက်တိုက်ခိုက်မယ့်အစား ပေါ့ဗျာ ကျနော်တို့ကတော့ ပြည်ပကုန်ပစ္စည်း တင်သွင်းသူတွေဆိုတော့ ဘဏ်တွေက အမှန်တကယ် ရောင်းပေးစေချင်တာပေါ့။ အခုကျတော့ ကျနော်တို့က အဲလိုဝယ်လို့ မရတဲ့ အခါကျတော့ မှောင်ခိုစျေးကွက်ထဲ ထပ်ခုန်ချနေရတဲ့ သဘောဖြစ်နေတယ်”
ဗဟိုဘဏ်က ဆက်ပြီး အရေးယူမယ်လို့ ဖော်ပြထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေက တော့ Black Market Rate၊ USD Exchange Rate၊ Golda and Forex Trading၊ Gold and Dollar Market Dollar Buyer Seller ဒေါ်လာ ရောင်းဝယ်သူများ ဆုံစည်းရာ၊ Dollar Palace၊ Dollar ရောင်းမယ် ဝယ်မယ် တိုက်ရိုက်၊ ရွှေဈေး ဒေါ်လာဈေး တိုက်ရိုက် (Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး Update YGN MDY ကြိုက်ရောင်း ကြိုက်ဝယ်၊ ယူရို ဒေါ်လာ ရောင်းဝယ် ပို့ဆောင်သူများ ဆုံဆည်းရာ၊ Euro Dollar Trading စတာတို့ ဖြစ်ပါ တယ်။
ဒါ့အပြင် ဒေါ်လာဝယ်ရောင်း တိုက်ရိုက် USD Exchange၊ ဒေါ်လာစားများနှင့် နိုင်ငံခြားငွေ လိုသူများ ဝယ်ရောင်းရန်၊ ဒေါ်လာရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ် တိုက်ရိုက် ($=><=Ks)၊ ဒေါ်လာ dollar ရောင်းသူဝယ်သူ တိုက်ရိုက် (ကြိုက်ရောင်း ကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေး ဈေးနှုန်းများနှင့် ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေ စတာတွေလည်း ပါဝင်ပါတယ်။