မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၃ ဘီလီယံ ရှိပြီ
2013.08.19

မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံ ၃၂ နိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေး ပမာဏဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ ၄၃ ဘီလီယံ ရှိသွားပြီလို့ အစိုးရ ဌာနဆိုင်ရာ အချက် အလက်တွေကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနက ဖော်ပြလိုက် ပါတယ်။
ဒါဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံပြီးရင် ဒုတိယ အများဆုံးက ထိုင်းနိုင်ငံဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံ နီးပါး ရှိနေပါတယ်။
ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးက စွမ်းအင် ကဏ္ဍဖြစ်ပြီး အားလုံးရဲ့ ၄၅ ရာခိုင်နှုန်း၊ ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝ နီးပါး ဖြစ်ပါတယ်။
စွမ်းအင် ကဏ္ဍပြီးရင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ ၁၄ ဘီလီယံကျော်နဲ့ သတ္တု တူးဖော်ရေး ကဏ္ဍမှာ ၃ ဘီလီယံ အသီးသီး ရှိနေပါတယ်။
ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေကတော့ ထုတ်ကုန် လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီး သွားလာရေး၊ အိုးအိမ် လုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေး၊ စက်မှုဇုန်၊ စိုက်ပျိုးရေး နဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေ ဖြစ်တယ်လို့ သိရပါတယ်။