မြောက်ဒဂုံမှာ လေတပ်ဗိုလ်မှူးဟောင်းတစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် လေတပ် ဗိုလ်မှူးဟောင်း ဦးရွှေဝင်းဟာ ဇန်နဝါရီ ၂၀ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသည့် လေတပ် ဗိုလ်မှူးဟောင်း ဦးရွှေဝင်းကို တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် လေတပ် ဗိုလ်မှူးဟောင်း ဦးရွှေဝင်းဟာ ဇန်နဝါရီ ၂၀ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ဦးရွှေဝင်းဟာ ဒီနေ့ မနက် ၆ နာရီကျော်လောက်က နေအိမ်ကနေ လမ်းလျှောက်ထွက်လာချိန် ဗိုလ်တေဇ လမ်းထိပ်မှာ ခေါင်းကို ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူရနေရတယ်လို့ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
 
"သူ့ကို ဆေးရုံတင်ထားတယ်လို့ ကြားပါတယ်။ ခေါင်းကို ပစ်ခံရတဲ့ အခြေအနေရယ် အသက်အရွယ်ရယ်ကြောင့် သေဖို့တော့ များတယ်လို့ ပြောနေကြတယ်။ အခုညနေပိုင်းအထိ သူ့အိမ်မှာ ဘာမှ ထူးထူးခြားခြား လှုပ်ရှားတာ မတွေ့ရသေးဘူး"
 
ပစ်ခတ်ခံရပြီး မိနစ် ၂၀ ကျော် အကြာမှာ လူနာတင်ယာဉ်နဲ့ မိသားစုဝင်တချို့ ရောက်လာကြပြီး ဦးရွှေဝင်းကို သယ်ဆောင်သွားသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလည်း မြောက်ဒဂုံ မြို့နယ်ထဲက လမ်းတချို့ကို ပိတ်ပြီး စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။
 
ဒီပစ်ခတ်မှုကို ရန်ကုန်မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ တစ်ဖွဲ့ကလုပ်ဆောင်ခဲ့တာလို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
 
ဦးရွှေဝင်းဟာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ယူရာမှာ ပါဝင်နေသလို ရပ်ကွက်ထဲက စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီဘက်ကို သတင်းအချက်အလက် ပေးနေသူတစ်ဦး ဖြစ်တယ်လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။
 
ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဦးရွှေဝင်းဟာ မှော်ဘီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဲဒီကနေ ကာကွယ်ရေးဝန်ကြီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ ထမ်းဆောင်ပြီးနောက် အငြိမ်းစား ယူထားသူ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org