The Voice ဂျာနယ်အယ်ဒီတာဟောင်း ကိုအောင်မျိုးထက် ထောင်နှစ်နှစ်ချမှတ်ခံရ
မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု ( ISP Myanmar) မှာ သုတေသီ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ The Voice journal ရဲ့ အယ်ဒီတာဟောင်း ကိုအောင်မျိုးထက် ကို နိုဝင်ဘာလ ၃၀ ရက်နေ့က အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
- 2021-12-02
-
-
-
မူဝါဒနဲ့မဟာဗျူဟာလေ့လာရေး အင်စတီကျု ( ISP Myanmar) မှာ သုတေသီအဖြစ် တာဝန်ထမ်းဆောင်နေ တဲ့ The Voice journal ရဲ့ အယ်ဒီတာဟောင်း ကိုအောင်မျိုးထက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့က အများ ပြည်သူ အကျိုးကိုပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင် တွင်း တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ကိုအောင်မျိုးထက်ဟာ ဖမ်းဆီးခံရချိန်ကပင် ဒီနေ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသလို အမိန့်ချတာကိုလည်း အကျိုးဆောင်ရှေ့နေကတဆင့်သာ သိခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ကိုအောင်မျိုးထက်ကို ဖမ်းဆီးခံရချိန်ကတည်းက မိသားစုနဲ့ တွေ့ခွင့်တော့မရခဲ့ဘူး။ ရှေ့နေကနေ တဆင့်ပဲသိရတယ်။ အခုလည်း ထောင်နှစ်နှစ်ချတယ်ဆိုတာ ရှေ့နေကနေ သိကြရတာ။ သူကဘာမှလည်း လုပ်မထားပါဘူး။ ဒလန်တွေကြောင့် ဖမ်းခံခဲ့ရတာ။ မတရားမှန်းသိပေမယ့် ငြိမ်ခံနေရတာပဲ၊ အမြန်ဆုံး ပြန်လွတ်စေချင်တယ်“
ကိုအောင်မျိုးထက်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် သူ့ရဲ့ ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့မှာ နေထိုင်စဉ် ဧပြီလ ၂၀ ရက်နေ့က လ္ဘက်ရည်ဆိုင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ရွှေဘိုအကျဉ်းထောင် အချုပ်ထဲမှာ အချိန် ရှစ်လခန့်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် အမိန့်ချမှတ်ခံခဲ့ရ တာလည်း ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းသမား ၁၁၀ အထိ ဖမ်းဆီးခံ ခဲ့ရပြီး ဇွန်လနဲ့ အောက်တိုဘာလတွေမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ တချို့ပြန်လွတ်လာကြပေမယ့်လည်း အခု အချိန်အထိ သတင်းသမား ၄၀ ဝန်းကျင် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။