သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်နဲ့ဇနီး အဖမ်းခံရ

လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူတွေကို အကူအညီပေးနေတဲ့ သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၆ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ကိုမှူးအိမ်ဇော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော် ကို တွေ့ရစဉ် Photo: Citizen Journalist

လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူတွေကို အကူအညီပေးနေတဲ့ သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၆ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ကိုမှူးအိမ်ဇော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုမှူးအိမ်ဇော်နဲ့အတူ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်နေရာကို ဖမ်းသွားလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူးလို့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

မနေ့ညပိုင်း ရန်ကုန်တိုင်း လွှတ်တော်ဝင်းထဲက ဝန်ထမ်းအိမ်ယာမှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပေမယ့် နေရာအတိအကျကိုတော့ RFA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိုမှူးအိမ်ဇော်ရဲ့ ဇနီးဖြစ်သူဟာ ပြီးခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်က ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဝန်ထမ်း ဖြစ်တာကြောင့် တိုင်းရုံးဝန်ထမ်းအိမ်ယာမှာ နေထိုင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ခြင်း ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကနေ့ မနက်ပိုင်းအထိ ကိုမှူးအိမ်ဇော်ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ကို စစ်ကောင်စီဘက်က အသုံးပြုနေပြီး အဲဒီကောင့်ကနေတဆင့် နီးစပ်သူအချို့ကိုပါ ထပ်မံဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုမှူးအိမ်ဇော်ဟာ အရင်က သတင်းဌာနအချို့မှာ သတင်းထောက်ကနေ အယ်ဒီတာအထိ လုပ်ကိုင် ခဲ့ဖူးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိလုပ်ငန်းတွေကိုပဲ ဆက်တိုက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အချိန် ခုနစ်လကျော် အတွင်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ နီးပါးရှိခဲ့ပြီး ၅၀ နီးပါး ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org