ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း နေပြည်တော်ကိုရောက်ရှိ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
-
RFA Burmese
2023-04-24 -
-
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြား (MRTV) က ဖော်ပြခဲ့ပါတယ်။
The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်းကို နေပြည်တော်လေဆိပ်မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေ ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ NUG၊ PDF၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြားက ပြဿနာတွေအတွက် အကူအညီတောင်းဖို့ ဘန်ကီမွန်းကို စစ်ကောင်စီက ဖိတ်ကြားတာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
“NUG၊ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နစကကြားက ပြဿနာကတော့ အင်ဒိုနီးရှားကလည်း ဆောင်ရွက်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပိုပြီးတော့ သိသိသာသာနဲ့ အောင်မြင်ဖို့အတွက် ဘန်ကီမွန်းကို ဖိတ်ပြီးတဲ့အခါကျတော့ အဲဒီကိစ္စကိုပြောပြပြီးတော့ အကူအညီတောင်းမယ်လို့ထင်တယ်”
မစ္စတာဘန်ကီမွန်းအနေနဲ့ စစ်ကောင်စီကို ပထမဦးဆုံးတောင်းဆိုမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဖြစ်နိုင်တယ်လို့လည်း ဦးရဲထွန်းက ပြောပါတယ်။
မစ္စတာဘန်ကီမွန်းဟာ စစ်ကောင်စီက ဖိတ်ကြားလို့ ရောက်ရှိလာတာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
နေပြည်တော်ကို ရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းပြည်ပ မီဒီယာတချို့ကို အတည်ပြုပြောဆိုပါတယ်။
ဘန်ကီမွန်းဟာ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် အသေးစိတ်အခြေနေကိုတော့ ထုတ်မပြောပါဘူး။
မစ္စတာ ဘန်ကီမွန်းဟာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံပြီးနောက်မှာ အမျိုးသားပြတိုက်ကို သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့ နေပြည်တော်က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကို ကိုးကားပြီး (AP) သတင်းဌာနက ဖော်ပြပါတယ်။
မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ကို The Elders အဖွဲ့က စီစဉ်တာဖြစ်ပြီး ဒီညနေမှာ ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း ရန်ကုန်မြို့ တောင်ကိုရီးယားသံရုံးက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက (AP) သတင်းဌာနကို ပြောခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ စစ်တပ်အာဏာသိမ်းပြီးကာစက မြန်မာပြည်ကပဋိပက္ခတွေ ပြေလည်လျော့ကျအောင် ဆွေးနွေးညှိနှိုင်းပေးဖို့ မြန်မာနိုင်ငံကိုလာရောက်ရန် ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုခဲ့တယ်လို့ အေပီ (AP) သတင်းဌာနက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။