အမေရိကန် သံအမတ်ဟောင်းရဲ့ မြန်မာခရီးစဉ် ဝေဖန်ခံနေရ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အကျိုးရှိတဲ့ ပြောဆိုမှုတွေလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကို လာခဲ့တဲ့ အမေရိကန် သံအမတ်ဟောင်း Bill Richardson က ပြောတဲ့အကြောင်း New York Times သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
- 2021-11-07
-
-
-
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အကျိုးရှိတဲ့ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကို လာခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း Bill Richardson က ပြောတဲ့ အကြောင်း New York Times သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ကိုဗစ် ၁၉ ကာကွယ်ဆေး အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်အပြင် တခြားအရာရှိတွေနဲ့ပါ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး အားလုံးကို ခြုံပြောရရင် အကျိုးရှိတဲ့ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ Bill Richardson က ပြောပါတယ်။
ဒါပေမဲ့လည်း မစ္စတာ Richardson ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်မှု ဖြစ်စေအောင် အထောက်အပံ့ပေးရာရောက်တယ်၊ လူ့အခွင့်အရေးအတွက် ဘာမှအကျိုးမရှိဘူး စသဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူတချို့က ဝေဖန်နေကြတယ်လို့လည်း New York Times က ရေးပါတယ်။ မစ္စတာ Richardson ကလည်း သူ့ရဲ့ မြန်မာခရီးစဉ်က မြန်မာစစ်အုပ်စုကို တရားဝင်မှုရှိစေတယ်လို့ အထင်ရောက်စရာ ဖြစ်သွား နိုင်ပေမယ့်လည်း သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတွေ လိုအပ်နေတာတွေအတွက်ကိုပဲ အာရုံစိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းလိုက်လို့ ပြည်သူ ၅၅ သန်းလုံး နာကျင်ခံစားနေရမယ်လို့ သူမယုံကြည်ပေမယ့် အာဏာသိမ်း ပြီးနောက်ပိုင်း သေဆုံးနေမှုတွေ၊ နာကျင်ခံစား နေရသူတွေကိုတော့ တစ်ယောက်ယောက်က ကူညီရလိမ့် မယ်လို့ မစ္စတာ Richardson က ပြောပါတယ်။
သူ့ရဲ့မေတ္တာရပ်ခံချက်အရ သူ့ရဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့က ဝန်ထမ်းဟောင်းတစ်ဦးကို အကျဉ်းထောင် ကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဖမ်းခံနေရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပါအဝင် တခြားအကျဉ်းသားတွေ ပြန်လွှတ်ရေး ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးတွေကိုတော့ မပြောဆိုခဲ့ဘူးလို့ မစ္စတာ Richardson က ပြောပါတယ်။