ကျောက်တော်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တလုံးရွာမှာ ဒီနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။ သုံးယောက်မှာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
-
2020-08-03 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တလုံးရွာမှာ ဒီနေ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အရပ်သား လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သုံးယောက်မှာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် ဒေါ်လှသန်းယဉ်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးနုယဉ်၊ အသက် ၅၀ အရွယ် ဦးစောသန်းမောင်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးကျော်သိန်းဦး တို့ ဖြစ်ပါတယ်။
အိမ်ဝင်းထဲကို လက်နက်ကြီးကျည်ကျတဲ့အတွက် ကြောကုန်း၊ လက်မောင်း၊ ပေါင်နဲ့ ခါးတွေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြတယ်လို့ ဒဏ်ရာရသူ ဦးကျော်သိန်းဦးရဲ့ ဦးလေး ဦးထွန်းသာညိုက ပြောပါတယ်။
“၈ နာရီကျော်လောက်မှာ လက်နက်ငယ်အသံတစ်ခု ဖြောင်းဖြောင်းနဲ့ ပစ်သံ ကြားလိုက် တယ်။ အဲဒီ လက်နက်ငယ် ပစ်လို့လည်းပြီးရော လက်နက်ကြီးတစ်လုံး ဂျိမ်းဆိုပြီး စောသန်းမောင်ရဲ့ အိမ်ဝင်းထဲကို လာကျပြီးကွဲတာ။ သူတို့လင်မယား နှစ်ယောက်စလုံး ဒဏ်ရာရတယ်။ ကျနော့်တူကကျတော့ အဲဒီအိမ်ရှေ့က ဖြတ်အသွား သူ့နောက်ကြောနဲ့ လက်မှာ လာထိပြီး လဲသွားတာ။ အားလုံး လေးယောက် ဒဏ်ရာရသွားတယ်။ ပြင်းပြင်းထန်ထန် ရတာ။ လှသန်းယဉ်ဆိုတဲ့ မိန်းကလေးက သူ့ပေါင်မှာ အသားတွေ မကျန်တော့ဘူး။ အေးနုယဉ်ကလည်း ဗိုက်ဘေးဘက်နဲ့ ကြောမှာ ဒဏ်ရာရခဲ့တယ်။”
သမီးဖြစ်သူ မသန်းကြည်ကလည်း မိဘနှစ်ပါးလုံး ဒဏ်ရာပြင်းထန်တဲ့အတွက် တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။
“အိမ်ရှေ့မှာကျတာ။ ကျမအဖေ ငါးသင်နေတဲ့နေရာနဲ့ လက်နက်ကြီးကျတဲ့ နေရာက နီးနီးလေး။ ကျည်စတွေ ထိမှန်သွားတယ်။ အမေကတော့ အိမ်နောက်မှာ သူ့ကိုလည်း လက်နက်ကြီး ကျည်အစတွေ လာမှန်တယ်။ ဒဏ်ရာတွေကတော့ အများကြီးပဲ။ တော်တော်လေးကို စိုးရိမ်တယ်။ ကြောက်လည်းကြောက်တယ်။ မိဘနှစ်ပါးလုံး သေသွားရင် ဘယ်လိုနေရမလဲ၊ မောင်နှမတွေကလည်း ကလေးတွေပဲ ရှိသေးတာ။ ကျမလည်း ဘာမှမတတ်ဘူး။ ကျမအောက်မှာကလည်း ကလေးသုံးယောက် ရှိသေးတယ်။”
ဒဏ်ရာရတဲ့ လေးယောက်စလုံးကို ကျောက်တော်ဆေးရုံကြီးကို အရင်ပို့ဆောင်ခဲ့ပေမယ့် ဦးစောသန်းမောင်က လွဲလို့ ကျန်တဲ့ သုံးယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကြီးကို ပို့ခဲ့ရတယ်လို့ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးညီပု က ပြောပါတယ်။
“အဲဒီ ဒဏ်ရာရတဲ့လူလေးယောက်ကို ကျွန်တော်တို့ကားတစ်စီးရယ် နောက်ပြီးတော့ ရွှေဂရုဏားကား တစ်စီးရယ် နှစ်စီးသွားပြီးတော့ ယူခဲ့ပါတယ်။ ကျွန်တော်တို့ ကျောက်တော်ပြည်သူ့ဆေးရုံကြီးကို ပထမဆုံး ပို့ပါတယ်။ ဒဏ်ရာအခြေအနေစိုးရိမ်ရတဲ့သူ သုံးယောက်ရှိပါတယ်။ အဲဒီသုံးယောက်ကို ကျွန်တော်တို့ အခုစစ်တွေကို ပို့နေပါတယ်”
ကျောက်တလုံးရွာနဲ့ မိုင်ဝက်လောက်သာဝေးတဲ့ သရက်တပင်ရွာဘက်မှာ မြန်မာစစ်ကြောင်းကို AA ရက္ခိုင့်တပ်တော်က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် မဟာမုနိဘုရားနားမှာ တပ်စွဲထားတဲ့ တပ်မတော်ကနေ လက်နက်ကြီးနဲ့ ပစ်ကူရင်း ရွာထဲကို လက်နက်ကြီးကျည် ကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ခြောက်ကြိမ်ထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ ကျောက်တော်မြို့နယ်တွင်းမှာ ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာ မရှိသလို၊ သရက်တပင်ရွာဘက်မှာ AA က မိုင်းခွဲတိုက်ခိုက်တာလည်း မရှိဘူးလို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် ချိန်ခါလီရွာတဝိုက်မှာတော့ မနေ့ကစလို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ မြန်မာစစ်တပ်ဘက်က လက်နက်တွေနဲ့အတူ စစ်သုံ့ပန်းတချို့ ဖမ်းဆီးမိထားတယ်လို့ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းရွာနားမှာတော့ ဒီမနက် ၇ နာရီလောက်က မိုင်းနင်းမိလို့ အသက် ၁၇နှစ် အရွယ် ရွာခံအမျိုးသမီးငယ်တစ်ဦး ခြေထောက်နှစ်ဖက် ပြတ်သွားပြီး၊ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။
ကားလမ်းတွေ၊ လူသွားလမ်းတွေနဲ့ ရွာတွေအနီး AA က မိုင်းထောင်တာ၊ မိုင်းခွဲတာတွေကြောင့် ၂၀၂၀ ဇွန်လ ၂၇ ရက်နေ့အထိ မိုင်းနင်းမိပြီး သေဆုံးတဲ့အရပ်သား ၁၈ ဦးနဲ့ ဒဏ်ရာရတဲ့သူ ၅၇ ဦးရှိတယ်လို့ သြဂုတ်လ ၁ ရက် စနေနေ့မှာ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
AA ဘက်ကလည်း တပ်မတော်က သူတို့စခန်းချရာ ရွာတွေနားမှာ မိုင်းထောင်ပြီး ပြန်တူးဖော်လေ့ မရှိဘူးလို့ ပြီးခဲ့တဲ့သောကြာနေ့က RFA ကို ပြောပါတယ်။
တပ်မတော်နဲ့ AA ကြားမှာ အခုလို နှစ်ဖက် အပြန်အလှန် စွပ်စွဲလေ့ရှိပြီး၊ RFA ကရရှိထားတဲ့ စာရင်းတွေအရ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ ဒီနှစ် သြဂုတ်လ ၃ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား (၂၇၇) ဦးနဲ့ ဒဏ်ရာရတဲ့အရပ်သား (၆၀၃) ဦးအထိ ရှိသွားပြီး ဖြစ်ပါတယ်။