လက်နက်ကြီးကြောင့် သုံးရက်အတွင်း လေးဦးသေ၊ ၂၄ ဦး ဒဏ်ရာရ

အရပ်သားနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဇန်နဝါရီလ ၇ ရက်ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ အရပ်သားလေးဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထီးချိုင့်မြို့နယ် အလယ်တောရွာမှ မီးရှို့ခံရသည့် နေအိမ်အချို့အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ အရပ်သားနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဇန်နဝါရီလ ၇ ရက်ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သားလေးဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဇန်နဝါရီလ ၉ ရက် မနေ့က လက်နက်ကြီး ကျည်ကျရောက်ပြီး အသက် ၇၀ အရွယ် ဦးကျော်ခင် သေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် အလယ်တောရွာနဲ့ ထန်းကုန်းရွာကြားမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထန်းကုန်းရွာက ဒေသခံတွေဟာ ရွာဘုန်းကြီးကျောင်းမှာ သွားရောက်တိမ်းရှောင်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ လက်နက်ကြီးကျည်က ဘုန်းကြီးကျောင်းဝင်းထဲ နေပူစာလှုံနေတဲ့ အရပ်သားတွေကြားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်ကလည်း ထန်းကုန်းရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ပျို သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်မှာပဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့သုံးခွရွာထဲကို လက်နက်ကြီးကျည်ရှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် သေဆုံးခဲ့ပြီး ကလေးငယ်သုံးဦး အပါအဝင် ခြောက်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိပ်ကြီးရွာနဲ့ နတ်သံကွင်းရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဆိပ်ကြီးရွာက အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဆိပ်ကြီးရွာက နေအိမ်ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောကုန်းကို လက်နက်ဖောက်မှန်တဲ့ ကလေးတစ်ယောက်က ဆုံးသွားတယ်။ ကျောက်ကြီးဆေးရုံမှာပဲ။ နောက်ဒဏ်ရာ ပြင်းထန်တဲ့ ကလေးတစ်ယောက်လည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ အသက်ကငါးနှစ်အရွယ် ယောကျာ်းလေးပေါ့။ သူက ခေါင်းကိုထိထားတာ”

ဒီအပြင် နတ်သံကွင်းကျေးရွာထဲကိုလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ဒေသခံအမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ကျေးရွာတွေနဲ့ အရပ်သားတွေနေထိုင်တဲ့ နေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်တွေကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်၊ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းနဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးတို့ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org