ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ချင်းပြည်နယ် ပလက်ဝမြို့ကနေ ကျောက်တော်မြို့ကိုလာတဲ့ အရပ်သား စက်လှေ တစ်စီး ဒီနေ့ နေ့လယ်က ပစ်ခတ်ခံရလို့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြစ်ကမ်းနဘေးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဒီနေ့အထိရှိနေသလို အရပ်သားတွေထိခိုက်မှုကလည်း များလာနေပါတယ်။

ဒီနေ့မနက်က ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုလာတဲ့ အရပ်သား ကူးတို့ စက်လှေတွေ ပစ်ခတ်ခံရလို့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်အစပ် တင်းမကျေးရွာအနီးမှာ နာရီဝက်လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာလို့ အဲဒီစက်လှေမှာလိုက်ပါလာတဲ့ ခရီးသည် မနန်းနန်း ကပြောပါတယ်။

စက်လှေက သုံးစီး လေးစီး လောက်ပေါ့နော် အတူလာကြတာ။ ပလက်ဝကနေဆင်းလာတော့ တင်းမရွာအနားကို ရောက်တာနဲ့ သူတို့တွေက စပစ်တာပေါ့နော။ သူတို့တွေကို စက်လှေပိုင်ရှင်က ဖုန်းဆက်ထားတယ်လို့ပြောတယ်။ စက်လှေထွက်လို့ရတယ်လို့ပြောလို့ အခုလိုလာတာလို့ အဲဒီစက်လှေပိုင်ရှင်ကပြောတယ်။ အဲဒါကို သူတို့အချင်းချင်း သတင်းမပေးဘူးနဲ့တူတယ်။ ဒါနဲ့ပဲ ကျွန်မတို့ကို အများကြီးကိုပစ်တာပါ။ ကျွန်မအနားက အစ်ကိုတစ်ယောက် ဆိုရင် ရှပ်ထိသွားတာ။ ရှပ်ထိသွားတာတွေအများကြီးပဲ။ ဒဏ်ရာရတဲ့သူက လေးယောက်။ လေးယောက်မှာ အမျိုး သမီးတစ်ယောက် ယောက်ျား သုံးယောက်ပေါ့။ အဲဒီအထဲက လှေမောင်းသူမှာဆိုရင် ခြေသလုံးမှာ ကျည်ဖောက် ထွက်သွားတယ်။ သူက ဒဏ်ရာအပြင်းဆုံးပေါ့။ နောက်လူတွေကတော့ သူလောက်ဒဏ်ရာမကြီးပါဘူး

ပစ်ခတ်ခံရချိန်မှာ စက်လှေထဲမှာ ဝပ်နေကြရလို့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို တိတိကျကျမသိဘူးလို့ မနန်းနန်း ကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဒီနေ့မနက်က ၇ နာရီခွဲလောက်ကစပြီး တင်မကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁ ကီလိုမီတာခွဲအကွာလောက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့ပြီး ၁၁ နာရီလောက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အခုအရပ်သားတွေ တိုက်ခိုက်ခံရတဲ့နေရာမှာတော့ တိုက်ပွဲဖြစ်တာမရှိခဲ့ဘဲ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာလို့ ဦးခိုင်သုခ ကပြောပါတယ်။

နောက်ဆုံးသိရတဲ့သတင်းကတော့ တင်းမရွာနားတောင်ချေတောင်ပေါ့နော်၊ အဲဒီတောင်ချောတောင်မှာ အခြေစိုက်ထားတဲ့ မြန်မာစစ်တပ်စစ်ကြောင်းကနေပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပြီးတော့ ကုလားတန်မြစ်ထဲမှာသွားနေတဲ့ စက်လှေကို ပစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အမျိုးသမီးတွေ ခရီးသည်တွေဒဏ်ရာရတာလို့ သိရတယ်ဗျ။ အဲဒီတောင်ချေတောင်မှာက တိုက်ပွဲဖြစ်တာတို့ ဘာတို့ကမရှိဘူး။ တိုက်ပွဲဖြစ်တာက တင်းမရဲ့အပေါ်ဘက်မှာဖြစ်နေတာ။ အခုအပစ်ခံရတာက တိုက်ပွဲဧရိယာရဲ့ အောက်ဘက် ပေါ့နော် အဲဒီမှာ အပစ်ခံရတာလို့သိရတယ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးလို့ တပ်မတော်ရဲ့တုံ့ပြန်ချက်ကို မရသေးပါဘူး။

ပလက်ဝဒေသဟာ ကုန်စည်စီးဆင်းရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အဓိကမှီခိုအားထားနေ ရတာပါ။

ပလက်ဝနဲ့ ကျောက်တော်မြို့နယ်ကြားမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ဆက်သွယ်သွားလာရေးတွေ ပြတ်တောက်နေခဲ့ရာကနေ ဒီနေ့ခရီးသည်တင်စက်လှေတွေ ပထမဆုံးစတင်ထွက်ခွာရာမှာ ပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အောင်ဘကျေးရွာမှာလည်း မနေ့က မွတ်ဆလင်တစ်ဦး သေဆုံး ခဲ့ပါတယ်။

သေဆုံးသူ ဆော်လာမဒူလာ ဟာ မနေ့ညနေ ၃ နာရီကျော်လောက်မှာ နွားကျောင်းနေစဉ် ဒေသန္တရနင်းမိုင်း ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အဲဒီနင်းမိုင်းကို အေအေအဖွဲ့က ထောင်ထားခဲ့တာလို့ တပ်မတော်ကစွပ်စွဲပေမယ့် ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ တပ်မတော်ပစ်ခတ်လို့ သေဆုံးခဲ့တာလို့ ပြန်လည်တုံ့ပြန်ပါတယ်။

အခုလို အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ကိစ္စဟာ အစိုးရက အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်းမှာ ပိုအဖြစ် များလာပြီး သတင်းအမှန်ကိုသိရဖို့ ခက်ခဲသွားစေတယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သောင်းရွှေ ကပြောပါတယ်။

ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်တစ်ခုတည်း မဟုတ်ဘူး။ တခြားမြို့နယ်တွေမှာလည်း ဒီအတိုင်းပဲ အင်တာနက်ဖြတ်တောက်လိုက်တဲ့နောက်ပိုင်းမှာ ဒီလိုပစ်ခတ်မှုတွေ၊ သေဆုံးမှုတွေအများကြီးဖြစ်လာတယ်။ အရင်တုန်းက အင်တာနက်မဖြတ်တောက်ခင်တုန်းကဆိုရင် ဒေသခံတွေဟာ သူတို့ကိုယ်တိုင် ဗီဒီယိုမှတ်တမ်း လေးတွေနဲ့ ကျွန်တော်တို့ဆီကိုပို့တယ်။ဆိုတော့ ကျွန်တော်တို့ကလည်း သတင်းအမှန်ကို သိရတယ်။ အင်တာနက် ဖြတ်တောက်လိုက်တဲ့နောက်ပိုင်းမှာတော့ တိကျတဲ့သတင်းအမှန်တွေကို မရနိုင်တော့ဘူးလေ

မြောက်ဦးမြို့နယ်မှာတော့ အချိန် သုံးပတ်ခန့်ကြာ ရပ်တန့်နေခဲ့တဲ့ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

မနေ့ညကလည်း မြောက်ဦးမြို့နယ်အရှေ့ဘက် ကျောင်းတောင်နဲ့ ခမောင်းဆိပ်ရွာအကြားက တောင်တန်းတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးအချို့ဟာ ကျောင်းတောင်ရွာနဲ့ မလှမ်းမကမ်းမှာ ကျရောက်ပေါက်ကွဲလို့ အသက် ၆၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦး နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အကာအကွယ်မဲ့နေတဲ့ အရပ်သားတွေအပေါ် လုံခြုံမှုပေးကြဖို့တိုက်တွန်းပါတယ်။

အရပ်သားပြည်သူတွေဟာ ပစ်မှတ်မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ကျွန်တော်တို့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့လိုပါတယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေကို မထိ ခိုက်ဘဲနဲ့ ကိုယ့်ဟာကိုယ် ဒီလိုပဲ သူတို့ တိုက်ပွဲဖြစ်ချင်လည်းဖြစ်ကြပေါ့။ တိုက်ပွဲမဟုတ်ဘဲနဲ့ဒီလို ဖြစ်နေ တယ်ဆိုတော့ ကျွန်တော်တို့ လုံခြုံမှုမရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့လုံခြုံမှုရှိအောင် တာဝန် ရှိတဲ့လူတွေက ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်

တိုက်ပွဲတွေမှာ အသီးသီးချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီကျင့်သုံးပြီး အရပ်သားတွေထိခိုက်အောင် မလုပ်ဘူး လို့ နှစ်ဘက်တပ်တာဝန်ရှိသူတွေက ပြောဆိုကြပေမယ့် တကယ်လက်တွေ့မှာတော့ အရပ်သားထိခိုက်မှုတွေဟာ ဒီနေ့အထိရှိနေဆဲပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က စတင်ပြင်းထန်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org