ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ဦးကို ထောင်ဒဏ်ချမှတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်း ဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်း သား ၄ဦးကို အမရပူရမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလအထိ ချမှတ်လိုက်ပါတယ်။

အိုးဘိုထောင်မှာ ဖမ်းဆီးထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကို အောက်တိုဘာလ ၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Nay Thwae/RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ၄ ဦးကို အမရပူရမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလအထိ ချမှတ်လိုက် ပါတယ်။

တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်ချတာကို လက်ခံပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမိန့်ချမှတ်တာဟာ မဖြစ်သင့်ဘူးလို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

"၅ဝ၅ (ခ)နဲ့ချတာ ကျနော်လုံးဝသဘောမတူဘူး၊ ၅ဝ၅(ခ) လုံးဝမမြောက်ဘူး၊ ပုဒ်မ ၁၈ က ကျောင်း သားတွေက တည့်ရှင်းတာပဲ၊ ဟုတ်တယ် ကျနော်တို့စုရုံးတယ်၊ ဗကသဆိုတာ သမိုင်းအဆက်ဆက်မှာ ဘယ်တုန်းကမှ ဘယ်အာဏာရှင် ဘယ်အစိုးရဆီမှာမှ ဒူးထောက်ပြီးတော့ ခွင့်ပြုမိန့်တောင်းခဲ့တာ ထုံးစံမရှိဘူး၊ အဲဒီ မူအတိုင်းသွားတာ အဲတော့ကြိုက်တဲ့အမိန့်ချ၊ အဲဒါက ကျနော်တို့ပြောစရာမရှိဘူး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ၅ဝ၅(ခ)ရယ်၊ ၁၄၃ က ဒါတွေက ဥပဒေနဲ့မညီဘူး"

ရတနာပုံတက္ကသိုလ်က ကိုဂျစ်တူး၊ ကိုအောင်ဆန်းဦး နဲ့ ကိုဉာဏ်လင်းထက်တို့ကို ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု ပုဒ်မ ၁၄၃ နဲ့ ထောင်ဒဏ် ၃ လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၆ လ၊ တရားမဝင် စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပြီး နောက်ထပ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေကို အဲဒီပုဒ်မ ၃ ခုအပြင် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တာကြောင့် သူဟာ ထောင် ဒဏ် တစ်နှစ်နဲ့ ၃လ ချမှတ်ခံရတာဖြစ်ပါတယ်။

အဲဒီပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံဖို့နဲ့ ချုပ်ရက်တွေကို ထည့်သွင်းခံစားဖို့ အမိန့်ချလိုက်တာကြောင့် သူတို့ ၄ ယောက်ဟာ အိုးဘိုထောင်မှာ နောက်ထပ် ၃ လ အကျဉ်းကျခံရမှာဖြစ်ပါတယ်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး နဲ့ ကိုဉာဏ်လင်းထက်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရတနာပုံ တက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကြောင့် ဇူလိုင်လမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ ရုန်းရင်းဆန်ခတ်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲဖမ်းဆီးခံထားရတာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုကို ပယ်ချလိုက်ပေမယ့် ကျန်တဲ့ ၃ မှုနဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org