မကွေးတိုင်း ပေါက်မြို့နယ်ထဲက ရွာလေးရွာ မီးရှို့ခံရ
မကွေးတိုင်း ပေါက်မြို့နယ်ထဲက ရွာလေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဧပြီလ ၁၃ ရက် မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2022-04-14
-
-
-
မကွေးတိုင်း ပေါက်မြို့နယ်ထဲက ရွာလေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ ဧပြီလ ၁၃ ရက် မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အရှို့ခံရတဲ့ ရွာတွေက သက္ကယ်ကျင်း၊ လက်ပံလှ၊ ကိုင်းမနဲ့ တံစို့ရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း အိမ်ခြေ ၁၂၀ ရှိတဲ့ လက်ပံလှရွာမှာ ပထမအကြိမ် အိမ် ၅၀ လောက် မီးရှို့ခံခဲ့ရတယ်။
သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်သားတွေ မနက် ၉ နာရီကျော်လောက် ရောက်လာပြီး မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"၅၀ ကျော်လောက်လို့ သက္ကယ်ကျင်းက ပြောတယ်။ လက်ပံလှလည်း အရှို့ခံရသေး တယ်။ ကိုင်းမမှာကျတော့ ရွာအပြင်ဘက်မှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်နဲ့ တဲတစ်လုံးကို ရှို့သွားတယ်"
သက္ကယ်ကျင်းရွာကို မီးရှို့တာက ပေါက်ဘက်နဲ့ ဆိပ်ဖြူဘက်က စစ်ကြောင်းတွေဖြစ်ပြီး ဒိန်းကွင်းရွာ၊ တောင်ချိုရွာ၊ လယ်သာဝရွာနဲ့ မြစ်ဖျားရွာတွေကို လက်နက်ကြီးပစ်ဝင်ပြီး မီးရှို့ခဲ့တဲ့စစ်ကြောင်းပဲလို့ ဆိုပါတယ်။
မီးရှို့ခံရတဲ့ရွာတွေက ဒေသခံတွေအားလုံး ထွက်ပြေးနေရတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်အလုံးရေနဲ့ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ရွာတွေကို မီးရှို့တာမျိုးမလုပ်ဘူးလို့ အမြဲတမ်း ငြင်းဆိုလေ့ရှိပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ရွာပေါင်း ၁၈ ရွာက နေအိမ်ပေါင်း ၇၀၀ ကျော်နဲ့ ဧပြီလထဲ အိမ်ခြေ ၃၀၀ ကျော် နှစ်လအတွင်း စုစုပေါင်း အိမ်အလုံးရေ ၁၀၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။