ရွှေဘိုမြို့နယ်မှာ ခရစ်ယာန်ဆရာတော်တစ်ပါး သတ်ဖြတ်ခံရ

ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ မန္တလေးဂိုဏ်းချုပ်သာသနာရဲ့ လုဒ်မယ်တော်သခင်မ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းက ဆရာတော်တစ်ပါးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ အမည်မသိ လူတစ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြင်ဦးလွင်မြို့၊ စိန့်မေရီဘုရားကျောင်းတွင် ဖာသာဒေါ်နယ်မာတင် (Fr. Donald Martin) (ခေါ်) ကိုရဲနိုင်ဝင်း၏ စျာပနအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဥ်။ Citizen Photo
Updated 3:50 PM, Feb 16, 2025
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ မန္တလေး ဂိုဏ်းချုပ်သာသနာရဲ့ လုဒ်မယ်တော် သခင်မ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းက ဆရာတော်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ အမည်မသိလူတစ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။
 
သတ်ဖြတ်ခံရတဲ့ပုဂ္ဂိုလ်က ဖာသာဒေါ်နယ်မာတင် (Fr. Donald Martin) (ခေါ်) ဦးရဲနိုင်ဝင်းဖြစ်ပါတယ်။ သူ့ကို ကံကြီးတောရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ဘုရားကျောင်းထဲ တစ်ယောက်တည်း ရှိနေချိန်မှာ လူငယ်တွေကဝင်ပြီး ဖမ်းသွားတယ်။ ဖာသာကို တိုင်ကြားချက်ကြောင့် လာဖမ်းတာလို့ ဘယ်သူက တိုင်ကြားတယ်ဆိုတာ မသိဘူး။ တောထဲ တစ်နေရာမှာ ခရစ်ယာန်ဘုန်းကြီးကို ဓားနဲ့ မသေမချင်း ခုတ်ထစ်ထားတဲ့ အလောင်းကိုပဲ ပြန်တွေ့ရတယ်”
 
အသက် ၄၄ နှစ်၊ ဝါတော် ခုနစ်နှစ်ရှိပြီးဖြစ်တဲ့ ဖာသာ ဒေါ်နယ်မာတင်ဟာ အဲဒီရွာက လုဒ်မယ်တော် ဘုရားကျောင်းမှာ ကျောင်းထိုင်အဖြစ် တာဝန်ထမ်းနေတာ နှစ်နှစ်ရှိနေပြီလို့ ဆိုပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
 
လတ်တလောမှာတော့ ကျူးလွန်သူတွေကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-တပ်ရင်း ၅ က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီ ရွှေဘိုကာကွယ်ရေးအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဒီနေ့ညနေအထိ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဖာသာဒေါ်နယ်မာတင်ရဲ့ ရုပ်အလောင်းကို ကံကြီးတောကျေးရွာ လုဒ်မယ်တော် သခင်မဘုရားကျောင်းကနေ ရွှေဘိုမြို့ကိုသယ်ယူသွားပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြင်ဦးလွင်မြို့က စိန့်မေရီ ဘုရားကျောင်းမှာ ဈာပနအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။
 
ဖာသာဒေါ်နယ်မာတင် သတ်ဖြတ်ခံရတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို အရေးယူပြီး တရားမျှတမှု ဖော်ဆောင်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်
ဆရာတော်ကြီးများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org