မြန်မာပိုင် တရုတ်လေယာဉ် များကို ပြင်သစ်လေယာဉ်များနဲ့ အစားထိုးမည်
နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာမှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။
-
2013-09-02 -
-
-
နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာမှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။
လက်ရှိရပ်နားထားတဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ်သုံးစီးနေရာမှာ အစားထိုးပြေးဆွဲဖို့ ပြင်သစ်နိုင်ငံလုပ် ATR72 – 500 လေယာဉ်စီး ဝယ်ယူတော့မယ်လို့ နေပြည်တော် သတင်းရပ်ကွက်ကို ကိုးကားပြီး eTurbo News က ဖေါ်ပြပါတယ်။ အခု စတင်ဝယ်ယူမည့် ပထမဆုံး ပြင်သစ်လေယာဉ်ဟာ သက်တမ်း ၅ နှစ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ ကျသင့်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံကနေ ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့တဲ့ MA60 လေယာဉ်သုံးစီးဟာ ဟိုက်ဒရောလစ် ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် တစ်လအတွင်း နှစ်ကြိမ် လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။
မော်လမြိုင်-ကော့သောင်း ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ်တစ်စီးဟာ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းလေဆိပ်ကို ဆင်းသက်စဉ်အတွင်း ဘီးချော်ခဲ့ပါတယ်။ ခရီးသည် ၅၃ ဦးပါ လေယာဉ်ဟာ ပြေးလမ်းအပြင်ဘက် ပေ၂၀၀ လောက် လမ်းချော်ပြီး ခြံစည်းရိုးအပြင်ဘက် ချုံတောသို့ တိုးဝင်သွားခဲ့တဲ့အတွက် ပန်ကာဒလက်တွေ ပျက်စီးသွားခဲ့ပါတယ်။ လူအထိအခိုက်တော့မရှိခဲ့ပါဘူး။
မေလ ၁၆ ရက်နေ့ကလည်း ခရီးသည် ၅၅ ဦးပါ MA60 ဖော်ကာလေယာဉ်ဟာ မိုင်းဆတ်လေဆိပ်ကိုအဆင်း ဘရိတ်ချွတ်ယွင်းခဲ့တဲ့အတွက် အရှိန်လွန်ပြီး ပြေးလမ်းနဲ့ကိုက် ၂၀၀ အကွာ ခြံစည်းရိုးကိုဝင်တိုက်ခဲ့လို့ လေယာဉ်တောင်ပံနဲ့ ဘီးတွေပျက်စီးခဲ့တဲ့အပြင် ခရီးသည် အမျိုးသမီးနှစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် မြန်မာ့လေကြောင်းအနေနဲ့ MA60 လေယာဉ်သုံးစီးလုံးကို ဆက်လက်မသုံးစွဲတော့ဘူး လို့ ကြေညာခဲ့ပါတယ်။