၀င်ငွေခွန်ကင်းလွတ်ခွင့် ဇုန်တွေတိုင်းနဲ့ ပြည် နယ်အသီးသီးမှာ ခွဲခြားသတ်မှတ်


2016.11.14

မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုဥပဒေအရ ပြည်တွင်း၊ ပြည်ပရင်းနှီးမြုှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အနေနဲ့ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဇုန်အလိုက်ခွဲခြားသတ်မှတ်ဖို့ ပြည်ထောင်စု အစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၃၇ မြို့နယ်ကို ဖွံဖြိုးတိုးတက်မှု အနေအထားအလိုက် လုပ်ငန်းရှင်တွေရဲ့ သဘောတူညီ ချက်တွေ ရယူပြီး ဇုန်တွေ ခွဲခြားသတ်မှတ်နေတယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။

"ကျနော်တို့ အစိုးရအဖွဲ့တစ်ခုတည်းနဲ့ ဒါကြီးကို ဇုန်သတ်မှတ်လို့ မဖြစ်ဘူး၊ ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာဌာနတွေ၊ ဒီအသံတွေကို နားထောင်ပြီး ညှိနှိုင်းတာပေါ့။ ကျနော်တို့ အစိုးရ တဖွဲ့တည်းပဲ သတ်မှတ်ရင်တော့ တထိုင်တည်းပြီး သွားမှာပေါ့။ ဒါပေမဲ့ ကျနော်တို့က အဲ့လိုမလုပ်ဘူးလေ။ သူတို့အသံတွေကို နားထောင်တယ်။ သူတို့သဘောတူညီချက်တွေနဲ့ ကျနော်တို့က သတ်မှတ်ပေးလိုက် တာပေါ့နော်။" လို့ ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှုအလိုက် ဇုန်တွေခွဲခြားသတ်မှတ်ရာမှာ ဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်တွေကို ဇုန် ၃ ၊ ဖွံ့ဖြိုးတိုးတက်မှု အတန်အသင့်ရှိတဲ့မြို့နယ်တွေကို ဇုန် ၂ ၊ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြို့နယ်တွေကို ဇုန် ၁ လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ဇုန် ၁ မှာရင်းနှီးမြုှပ်နှံမယ့် ပြည်တွင်းပြည်ပကုမ္ပဏီတွေအနေနဲ့ ဝင်ငွေခွန် ၇ နှစ်ကင်းလွတ်ခွင့်ရမှာ ဖြစ်ပြီး ဇုန်၂ မှာရင်းနှီးမြုှပ်နှံသူတွေအနေနဲ့ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅ နှစ်နဲ့ ဇုန် ၃ မှာရင်းနှီးမြုှပ်နှံသူတွေအနေနဲ့ ၃နှစ် ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး လက်ရှိ မှာ နည်းဥပဒေပြဌာန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေ တာဖြစ်ပါတယ်။ နည်းဥပဒေ ပြဌာန်း ပြီးတဲ့ အခါ ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်တွေကို ရင်းနှီးမြုှပ်နှံသူတွေက ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို မြို့နယ်အလိုက် ဇုန်တွေခွဲခြား သတ် မှတ်ပြီးနောက် ပြန်လည်တင်ပြဖို့ ညွှန်ကြားထားကြောင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ် ၃၇ မြို့နယ်မှာ စစ်ကိုင်း၊ ရွှေဘိုနဲ့ မုံရွာမြို့နယ်တွေကို ဇုန်၂ လို့သတ်မှတ်ပြီး ကျန် ၃၄ မြို့နယ်ကို ဇုန် ၁ လို့ သတ်မှတ်ကြောင်း ပြည်ထောင် စုအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့လည်း တိုင်းဒေသကြီးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။