လွတ်လပ်စွာပြောဆိုခွင့် ချိုးဖောက်ပြီး တရားစွဲတာ အစိုးရက အများဆုံးဖြစ်နေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတဲ့အမှုပေါင်း ငါးရာကျော်၊ တရားစွဲခံရသူ တစ်ထောင်ကျော်ရှိနေတယ်။ တရားစွဲ ဆိုတာ အစိုးရက အများဆုံးဖြစ်နေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံရဲ့ ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
သန့်ဇင်ဦး
2020-07-16 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတဲ့အမှုပေါင်း ငါးရာကျော်၊ တရားစွဲခံရသူ တစ်ထောင်ကျော်ရှိနေတယ်။ တရားစွဲ ဆိုတာ အစိုးရက အများဆုံးဖြစ်နေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံရဲ့ ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
အာဏာရအစိုးရရဲ့ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး တရားစွဲဆို တဲ့အမှု ၅၃၉ မှုရှိခဲ့ပြီး အနည်းဆုံး ၁၀၅၁ ယောက်အထိ တရားစွဲခံခဲ့ရသလို အများဆုံးတရားစွဲဆိုသူက အစိုးရ ဖြစ်နေတယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့ ဒီကနေ့ထုတ်ပြန်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံရဲ့ လေးနှစ်တာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒုတိယအများဆုံး တရားစွဲဆိုတာက အရပ်သားပြည်သူတွေဖြစ်ပြီး တတိယအများဆုံးက တပ်မတော် ဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေနဲ့ အများဆုံးစွဲဆိုကြပြီး အဲဒီနောက်မှာ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ ဥပဒေ၊ အသရေဖျက်မှု ဥပဒေ၊ မတရားအသင်းဥပဒေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတာတွေနဲ့လည်း စွဲဆိုကြတယ်လို့ ဖော်ပြထားပါတယ်။
"နံပါတ်တစ်က ဘာသွားတွေ့လဲဆိုတော့ ဥပဒေတွေကို မပြင်ခဲ့တာ၊ ဥပဒေတွေကို ထိရောက်စွာ မပြင်ဆင်နိုင်ခဲ့တာ၊ ကျွန်တော်တို့ ဒီ NLD အစိုးရလက်ထက်မှာ ပြင်ဆင်တဲ့ဥပဒေတွေကို ကြည့်မယ်ဆိုရင် ငြိမ်းစုစီဥပဒေကို သူတို့တက်တက်လာချင်းပြင်ခဲ့တာရှိတယ်၊ နောက်တစ်ခုက ဆက်သွယ်ရေးဥပဒေကို ပြင်ခဲ့တယ်ပေါ့၊ နောက်တစ်ခုက အသစ်ပြဌာန်းတာကြည့်မယ်ဆိုရင် နိုင်လွှတ်လုံဥပဒေကို ၂၀၁၇ ခုနှစ်မှာ အသစ်ပြဌာန်းခဲ့တယ်၊ အဲတော့ ပြင်ဆင်ခဲ့တဲ့ဥပဒေကို ပြန်သုံးသပ်မယ်ဆိုရင်လည်း ငြိမ်းစုစီဥပဒေဆိုရင် လည်း ယနေ့အချိန်ထိ အငြင်းပွားစရာ ပြဿနာတွေရှိတယ်၊ ခွင့်ပြုချက်တင်တော့လည်း တရားစွဲခံရတယ်၊ မတင်တော့လည်း တရားစွဲခံရတယ်၊ ဆက်သွယ်ရေးဥပဒေဆိုရင် ပြင်ဆင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမှ အမှုတွေက ထပ်တိုးလာတယ်ပေါ့၊ အခုအချိန်ထိလည်း အမှုတွေက လျော့နည်းပပျောက်သွားတာ မရှိဘဲနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ် ကန့်သတ်ခံထားရဆဲ အခြေအနေမှာပဲရှိတာကိုတွေ့ရတယ်၊ နိုင်လွှတ်လုံ ဥပဒေဆို ပိုတောင် ဆိုးပါသေးတယ်။"
ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ပြောသွားတာပါ။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး တပ်မတော်က စွဲဆိုတဲ့အမှုတွေမှာ အစိုးရက ဝင်ရောက်ကူညီ ပေးတာမရှိသလို၊ ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ခံရတဲ့ကိစ္စမှာဆိုရင်လည်း အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာဟာ အစိုးရကိုယ်တိုင် ပါဝင်နေတဲ့ သဘောမျိုးဖြစ်တယ်လို့ မောင်ဆောင်းခက ဆိုပါတယ်။
လွှတ်တော်ကလည်း ဖျက်သိမ်းသင့်တဲ့ အသရေဖျက်မှုဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ၊ အီလက် ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုခဲ့သလို သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေတဲ့ သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေဆိုရင်လည်း လွှတ်တော်ကို ဥပဒေကြမ်းအဖြစ်တောင် မရောက်လာဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာရ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ကန့်သတ်ချက်တွေဟာ အကြောင်းမဲ့ပေါ်လာတာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။
"တခါတလေကျတော့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ကန့်သတ်တာတွေ ဘာတွေရှိတာပေါ့လေ၊ သို့သော်လည်းပဲ တစ်ချက်တော့စဉ်းစားရမယ်၊ ဒီဟာက ဘယ်အဖွဲ့အစည်းကနေ ပြီးတော့ ကန့်သတ်တာလဲ၊ အစိုးရကပဲ ကန့်သတ်တာလား၊ ပြည်ထဲရေးကပဲ ကန့်သတ်တာလား၊ သို့မဟုတ် တပ်မတော်ကပဲ ကန့်သတ်တာလား၊ ဒါတွေကတော့ ကွဲပြားပြီးတော့ လေ့လာဖို့လိုမယ်ထင်တယ်၊ NLD အစိုးရအနေနဲ့ကတော့ ဒီလွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို အခြေခံပြီးတော့ တက်လာတာပဲလေ၊ အကြောင်း မဲ့တော့ ဒီလိုကန့်သတ်တာမျိုး မလုပ်ဘူးလို့ ထင်ပါတယ်၊ ဒီအစိုးရလက်ထက်မှာ အခြားထက်ပိုပြီးတော့ ဒီမိုကရေစီလွတ်လပ်ခွင့်ကို ပိုပေးထားတွေ ရှိတယ်၊ အဲလိုပေးထားတာအပေါ်မှာ တခါတရံကျတော့လေ လွတ်လပ်မှုနဲ့ တာဝန်ရှိမှုကိုတော့ ကန့်သတ်ကြရလိမ့်မယ်လို့ထင်တယ်၊ လွတ်လွတ်လပ်လပ်နဲ့ ပြောဖို့ဆိုဖို့ ဆန္ဒဖော်ထုတ်ဖို့တွေကို ပေးထားတာပဲ၊ အဲဒီမှာ တခါတရံ တရားဥပဒေနဲ့ပတ်သက်တဲ့ စည်းဘောင်တွေ ကျော်လာတဲ့အခါမျိုးတွေ၊ သို့မဟုတ် ကျော်သလိုဖြစ်သွားတာမျိုးမှာတော့ ဒီဟာကတော့ ဥပဒေအရ အရေးယူတာမျိုးတွေတော့ ရှိတတ်ပါတယ်။"
အဆိုးဆုံးအနေနဲ့ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က အရပ်သား ၃၅ ယောက်ကို အမှုပေါင်း ၁၈ ခုနဲ့ တရားစွဲဆိုခဲ့တာကို ထောက်ပြထားပြီး အမှုတစ်ခုမှာ ထောင် ၂ နှစ် စီရင်ခံရ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မသုံးပြီး တရားစွဲဆိုတဲ့အမှုဟာ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ၁၁ မှုပဲ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အရပ်သားအစိုးရလက်ထက် လေးနှစ်အတွင်းမှာတင် ၂၂၉ မှုအထိ ရှိခဲ့ပါတယ်။
တရားစွဲဆိုခံရသူတွေထဲမှာ အရပ်သားပြည်သူက ၄၉၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး တက်ကြွလှုပ်ရှားသူက ၃၂၆ ယောက်နဲ့ ဒုတိယအများဆုံးပါ၊ သတင်းမီဒီယာသမားတွေကတော့ ၆၇ ယောက်နဲ့ တတိယအများဆုံး တရားစွဲခံထားရပါတယ်။
သတင်းရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်လို့ တရားစွဲဆို တိုင်တန်းမယ်ဆိုရင် သတင်းမီဒီယာကောင်စီ ရှိတယ် ဆိုတာကို အရင်ဆုံး ထည့်သွင်းစဉ်းစားကြပါလို့ သတင်းစာဆရာဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက RFA ရဲ့ ယနေ့နိုင်ငံရေးအစီအစဉ် မေးမြန်းချက်မှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။
“သတင်းရေးသားမှုနဲ့ ပတ်သက်လို့ မကျေနပ်တာတွေရှိရင် မှားယွင်းလို့သော်လည်းကောင်း စသည်ဖြင့် ပေါ့လေ၊ သူ့ကိုဖြေရှင်းခွင့်မပေးခဲ့သော်လည်းကောင်း၊ အဲလိုမျိုးရှိလို့ရှိရင် သူ့ကိုရဲစခခန်းမှာ အမှုမဖွင့်ခင် သတင်းမီဒီယာကောင်စီကို အရင်တိုင်ကြားပါဆိုပြီး အဲလိုပါပါတယ်၊ အဲဒါကိုကျတော့ လူတွေက အလွယ် တကူနဲ့ သတင်းမီဒီယာကောင်စီကို မတိုင်တော့ဘူးခင်ဗျာ ရဲစခန်းကို တခါတည်း တန်းသွားတယ်၊ အဲဒါကို ကျွန်တော်တို့က တရားစွဲဆိုတဲ့အပိုင်းပေါ့လေ၊ ပုဂ္ဂလိကဖြစ်ရင်ဖြစ်မယ် အစိုးရဖြစ်ချင်ဖြစ်မယ် နောက်တခြား ပေါ့လေ အများကြီးပေါ့၊ ဘယ်သူမဆို အဲဒါလေးတစ်ချက်တော့ စဉ်းစားဖို့လိုပါတယ် ငါသတင်းမီဒီယာဥပဒေနဲ့ ကိုင်တွယ်လိုက်မယ်၊ Press Council ဆိုတာရှိတယ်၊ အဲတာကြောင့် ကျွန်တော်ပြောခဲ့တာ သတင်းမီဒီယာ ကောင်စီတို့ ဘာတို့ သိပ်သြဇာရှိဖို့လိုပါတယ်၊ လူရိုသေ လူလေးစားဖို့က သိပ်အရေးကြီးပါတယ်။”
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦး၊ မြန်မာနောင်းက ကိုဆွေဝင်း၊ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် အပါအဝင် သတင်းမီဒီယာသမားတွေ အများအပြား ဖမ်းဆီးတရားစွဲဆိုခံရတာ ထောင်ချခံရတာတွေရှိခဲ့ပြီး Channel Mandalay သတင်းထောက် ကိုနန္ဒ (ခေါ်) ကိုအောင်ကြည်မြင့် ဆိုရင်လည်း သတင်းယူရင်း ဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ဖမ်းဆီးထောင်ချခံထား ရတာ ဒီနေ့အထိ ဖြစ်ပါတယ်။
သတင်းစာဆရာ ဦးသီဟသွေးက NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပိုပြီးတော့ ဆုတ်ယုတ်သွားတယ်ဆိုတဲ့ အစီရင်ခံစာပါ ထောက်ပြချက်ကို လက်ခံပါတယ်။
"လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဟာ NLD လက်ထက်မှာ ပိုပြီးတော့တောင် ဆုတ်ယုတ်သွားတယ်လို့ပြောရင် နည်းပညာ သဘောတရားအရ တွက်ချက်မှုတွေအရတော့ မမှားဘူးဗျ၊ သို့သော်လည်းပဲ မြေပြင်မှာတော့ တမျိုးပေါ့နော်၊ အရင်အစိုးရလက်ထက်တွေထက် ပိုပြီးတော့ ပြောခွင့်ဆိုခွင့်အကန့်အသတ်တွေ ရှိလာတာ တော့ ဟုတ်တယ်၊ သို့သော် ဒီအပေါ်မှာ ပြောရဲဆိုရဲရှိမှုကို အဟန့်အတားဖြစ်စေတဲ့ ဖြစ်စဉ်တွေကို NLD က မထိန်းသိမ်းနိုင်ဘူး၊ အဲဒါပြဿနာပဲ ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးရာမရောက်ဘူး လားဆိုတော့ တစ်နည်းတစ်ဖုံတော့ရောက်တာပေါ့၊ သို့သော်လည်းပဲ သွယ်ဝိုက်တော့ဖြစ်တာပေါ့နော်၊ ကျွန်တော်တို့အမြင်နဲ့ပြောရရင် NLD အစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်သော်လည်းပဲ ဖျက်သိမ်းသင့် ဖျက်သိမ်း ထိုက်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို ပြင်ဖို့ ဖျက်သိမ်းဖို့ သူတို့လုပ်နိုင်ခဲ့ရဲ့သားနဲ့ မလုပ်ခဲ့တာတွေကလည်း ပြောချင်စရာဖြစ်တာပေါ့၊ တဖက် ကလည်း မျှော်လင့်ချက်ကြီးတာလည်း ပါတာပေါ့နော်၊ သို့သော်လည်း ပြောမယ်ဆိုရင် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ဟာ ဒီအစိုးရလက်ထက်မှာ မရှိဘူးဆိုတော့ ပါးစပ်တွေပဲ လိုက်ပိတ်ထားသလို ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးကလည်း မမှန်ဘူး၊ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သလောက် ဖြစ်မလာတာလည်း အမှန်ပဲ။"
၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရတာဝန်စယူခဲ့တဲ့ NLD အစိုးရဟာ လေးနှစ်အတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ပြီး တရားစွဲဆိုနိုင်အောင် အသုံးပြုလို့ရနေတဲ့ ဥပဒေပုဒ်မတွေကို ထိရောက်တဲ့ ဖျက်သိမ်း တာ၊ ပြင်ဆင်တာတွေ မလုပ်ဆောင်နိုင်ခဲ့သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်တွေကို ချိုးဖောက်ပြီး ဖိနှိပ်ကန့်သတ်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ် လို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြိုနယ်တို့မှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ကျော်လာပြီဖြစ်သလို မတ်လ ၃၁ ရက်နေ့ကလည်း အစိုးရဆက်သွယ် ရေးရဲ့ ညွန်ကြားချက်ကြောင့်ဆိုပြီး ဆက်သွယ်ရေး အော်ပရေတာတွေက တရားဝင်မှတ်ပုံတင်ထားတဲ့ မီဒီယာတွေ အပါအဝင် သတင်းမီဒီယာဝက်ဘ်ဆိုဒ် နှစ်ရာကျော်ကို ပိတ်ထားပါတယ်။
ဒီလိုအခြေအနေအထိ ရောက်လာတာဟာ စိုးရိမ်စရာပဲလို့ ဦးသီဟသွေးက ကောက်ချက်ချပါတယ်။
"ဒီအခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောနိုင်တယ်၊ စိုးရိမ်တယ်ဆိုတာ ကျွန်တော်တို့ မီဒီယာသမားတွေကို ပိုပြီး နှိပ်ကွပ်လာမယ်လို့ စိုးရိမ်တာ မဟုတ်ဘူး၊ ဒီမိုကရေစီကို ကြွေးကြော်ပြီးတော့ ဒီမိုကရေစီအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ ရှေ့တန်းတင်ပြီးတော့ ကျွန်တော်တို့ အဓိကက ဒါတွေကို ဖော်ဆောင်မယ်ဆိုပြီးတော့ ကြွေးကြော်ခဲ့တဲ့ပါတီက အာဏာရတဲ့အချိန်မှာတောင် ဒီလောက်ပဲရွေ့တယ် ဆိုတာကတော့ စိုးရိမ်စရာပေါ့၊ ဖြစ်သင့်ဖြစ်ထိုက်သလောက် မဖြစ်တာကတော့ ဒီမှာလမ်းဆုံးသွားမှာ ကျွန်တော်တို့ကြောက်မိတယ်။"
အသံအဖွဲ့ရဲ့ အစီရင်ခံစာအရ တစ်နိုင်ငံလုံးမှာ ရန်ကုန်တိုင်းဒေသကြီးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဒုတိယဖြစ်ပါတယ်၊ ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက အများဆုံးဖြစ်နေပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေအရလည်း NLD ပါတီ အစိုးရတက်လာပြီး - တနှစ်အကြာ ၂ဝ၁၇ မှာ မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာလွတ်လပ်မှုဟာ အဆင့် ၁၃၁ နေရာမှာ ရှိနေရာကနေ - ၂ဝ၁၈ မှာ ၁၃၇ ၊ ၂ဝ၁၉ မှာ ၁၃၈ နဲ့ အခုနှစ် ၂ဝ၂ဝ မှာ အဆင့် ၁၃၉ အထိ ဆက်တိုက် ကျဆင်းနေပါတယ်။