အင်းစိန်ထောင်က အမေရိကန်သတင်းထောက် ကျန်းမာရေး စိုးရိမ်ရ
စစ်ကောင်စီဖမ်းထားတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတား ကိုမနေ့က တနင်္လာနေ့မှာ အွန်လိုင်းကတဆင့် ရုပ်သံနဲ့ဆက်သွယ်ပြီး တရားရုံးထုတ်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
- 2021-09-20
-
-
-
စစ်ကောင်စီဖမ်းထားတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတား ကိုမနေ့က တနင်္လာနေ့မှာ အွန်လိုင်းကနေတဆင့် ရုပ်သံနဲ့ဆက်သွယ်ပြီး တရားရုံး ထုတ်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ သူ့ဆံပင်တွေလည်း ရှည်နေသလို၊ စိတ်ပျက်အားငယ်နေတာတွေ့ရတယ်လို့ သူ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောတယ်လို့ ဆိုပါတယ်။ သူဘာတစ်ခုမှ မပြောချင်တော့ဘူးလို့ စိတ်ပျက်လက်ပျက်လေသံနဲ့ ပြောတယ်လို့ ရှေ့နေက ဆိုပါတယ်။
သူ့ကို တရားရုံးထုတ်လာရမယ့်အစား ကိုဗစ်ကပ်ရောဂါကာလဆိုတဲ့ အကြောင်းပြချက်နဲ့ အင်းစိန်ထောင်ထဲကနေ ရုပ်သံနဲ့ တရားရုံးတက်ခိုင်းတာ ဖြစ်ပါတယ်။ သူ့ကို ဆူပူ အောင်ရေးသားထားတဲ့ သတင်းထုတ်လုပ်ဖြန့်ချိမှုနဲ့ စစ်ကောင်စီကတရားစွဲထားပါတယ်။
အဲဒီပြစ်မှုမြောက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဖန်းစတားဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို အောက်တိုဘာလ ၄ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ အလယ်လောက်က သူ့မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရပြီလို့ ခံစားရတဲ့အတွက် သင့်တော်တဲ့ဆေး တောင်းပေမယ့် ထောင်အာဏာပိုင်တွေက မပေးဘူးလို့ ဖန်းစတားက ပြောပါတယ်။ ထောင်အာဏာပိုင်တွေကတော့ သူ့မှာ ကိုဗစ်ကူးစက်ခံခဲ့ရတယ်ဆိုတာကို ငြင်းဆိုပါတယ်။
သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ဖန်းစတားအလုပ်လုပ်ခဲ့တဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် Thomas Kean ကပြောပါတယ်။ ဖန်းစတားကို မေလ ၂၄ ရက်နေ့မှာ အမေရိကန်ကို ပြန်ခါနီး ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီက ဖမ်းလိုက်တာဖြစ်ပါတယ်။ သူ့ကိုလွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုထားပေမယ့် စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာ မရှိသေးပါဘူး။