နာရေးကူညီမှုအသင်း ရန်ကုန်၏ ကူညီမှုပေါင်း တသိန်းပြည့်ပြီ

နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ နာရေးအကူ လုပ်ငန်း တသိန်းပြည့် အထိမ်းအမှတ်ကို မတ်လ ၂၂ ရက် မနေ့က မြောက်ဒဂုံ မြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူဦးစီးသည့် နာရေးကူညီမှုအသင်း ရုံးရှေ့တွင် အသုဘယာဉ် တစီး ရပ်ထားပုံ ဖြစ်ပါသည်။ (Photo: Free Funeral Services Society- F.F.S.S) (Photo: Free Funeral Services Society- F.F.S.S)

အဲဒီ အထိမ်းအမှတ် အခမ်းအနားအကြောင်းကို အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပြပါတယ်။

“တသိန်းပြည့်တဲ့ဟာကို ကျွန်တော်တို့က အခမ်းအနား လုပ်ပေးဖို့ စောင့်နေတယ်ပေါ့။ အဲဒီမှာ မြောက်ဒဂုံကနေ ဖုန်းလာတယ်။ ဖုန်းလာတော့ ဒီဟာ တသိန်းပြည့်တာပေါ့။ ဦးချစ်ဟန်ဆိုတာ အသက် ၇၈ နှစ်၊ အဲဒါ သူ့ကို သွားသယ်ပေးတယ်။ သွားသယ်ပေးရင်းနဲ့ သြင်္ဂိုဟ်ဖို့ သယ်ပေးရင်းနဲ့ သူတို့အိမ်မှာ ပစ္စည်းတွေ ဘာတွေ လှူ၊ ပိုက်ဆံတွေ ဘာတွေ လှူခဲ့တယ်။ အဲဒီဟာ ပြီးတော့ မော်တော်ကား ဘီအမ် ၁၀ စီးနဲ့ ကျွန်တော်တို့ ယာဉ်နောက်လိုက် အကူအညီ ပေးခဲ့တယ်။ နောက် ဆပ်ပြာတို့၊ ရေသန့်ဘူးတို့၊ ယပ်တောင်တို့ အဲဒါတွေ ဝေပေးတယ်။”

အဲဒီ နာရေးရှင်ကို အသင်းသူ အသင်းသားများရဲ့ အလှူငွေ ကျပ်ငွေ ၃ သိန်း ၈ သောင်းလည်း ပေးလှူခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဒီအခ်းအနားကို ပြိုင်ပွဲဝင်ဖို့ ဓာတ်ပုံလိုက်ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ ၄၆ ဦး မှာလည်း သတင်းတပ်ဖွဲ့က ဓာတ်ပုံလိုက်ရိုက်တာကို ခံကြရတယ်လို့ သိရ ပါတယ်။

နာရေးကူညီမှုအသင်းအနေနဲ့ အသင်း စတင် တည်ထောင်ခဲ့တဲ့ ၁၀ နှစ်ကျော် အတွင်း ခုလို အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်လို့ ဆုိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကလည်း နိဗ္ဗာန်ယဉ် တစီး စုပေါင်း လှူဒါန်းတဲ့ အလှူရှင်များ ရေစက်ချမဲ့ အစီအစဉ်မှာ အာဏာပိုင်တွေက နှောင့်ယှက်တာ ကြုံခဲ့ရတယ်လို့ ဦးကျော်သူက ပြောပါတယ်။

လက်ရှိအနေနဲ့ နာရေးကူညီမှု အသင်းဟာ သုခကုသိုလ်ဖြစ် ဆေးခန်းပါ တွဲပြီး ဆောင်ရွက်လျက် ရှိပြီး အထူးကု ဆရာဝန်ကြီးများနဲ့ ဆရာဝန်များ လာရောက် အကူအညီပေးလျက် ရှိသလို လုပ်အားပေး ၄၀၀ ကျော် တပတ်ကို တရက် လာပြီး လုပ်အားပေး ဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org