ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။ Photo courtesy of State Department

G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

အဲဒီလို လျှော့ချပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပါဝင်လာနိုင်ဖို့ အပြင် စီးပွားရေးကဏ္ဍ တိုးတက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။

G8 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ - မြန်မာအစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပေါ်မှာ ပိတ်ပင်ဟန့်တားထားတာတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့လည်း ဆက်လက် တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org