ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်မှု စစ်ကောင်စီကို G-7 နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုတ်ချ

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အထူးစိုးရိမ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက ဗြိတိန်နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေးတက်ရောက်လာကြသော G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် အီးယူနိုင်ငံခြားရေးရာကိုယ်စားလှယ်အား တွေ့ရစဉ်။ Photo: Reuters

မြန်မာစစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို ကွပ်မျက်လိုက်တာကို G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ - အီးယူအထူးကိုယ်စားလှယ်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကနေဒါ၊ ပြင်သစ်၊သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီးယူအထူးကိုယ်စားလှယ်တို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်တင်ရှုတ်ချလိုက်တာပါ။

မတရားသဖြင့် ကွပ်မျက်ခံရသူတွေ မိသားစုတွေနဲ့ စစ်အာဏာသိမ်းချိန်ကစပြီး သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရ၊ ညှဉ်းပန်းနှိပ်စက်ခံရသူတွေနဲ့ထပ်တူ လွန်စွာဝမ်းနည်းတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အထူးစိုးရိမ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ နောက်ထပ် တရားမဲ့ကွပ်မျက်အဆုံးစီရင်တာတွေ ရှောင်ရှားဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရားသဖြင့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့လည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းက ကြိုးပမ်းနေတာကို ဆက်လက်ထောက်ခံတဲ့အကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တိုက်တွန်းပါတယ်။

ကုလသမဂ္ဂက ကြိုးပမ်းချက်တွေကို ဆက်လက်ထောက်ခံပြီး အာဆီယံအထူးသံတမန်နဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တို့ ပူးပေါင်းဆောင်ရွက်တာကို အားပေးတယ်လို့ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီးယူအထူးကိုယ်စားလှယ်တို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org