ဂန့်ဂေါက CDM ပညာရေးဝန်ထမ်းတစ်ဦး ပြန်လွတ်
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီးနောက် လွတ်မြောက်လာတာလို့ သူ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-04-17 -
-
-
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) မှာပါဝင်ပြီး အကျဉ်းကျနေတဲ့ ပညာရေးဝန်ထမ်းတစ်ဦး ဧပြီ ၁၇ ရက် ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
CDM မှာပါဝင်ဖို့ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ကွန်ပျူတာကနေ ထုတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရပြီးနောက် လွတ်မြောက်လာတာလို့ သူ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
"CDM ဝန်ထမ်း ကိုမျိုးမြင့်အောင် လွတ်လာပါတယ်ဗျ။ သူက လွတ်ရက်က လေးလလောက်လိုတာမှာ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီးတော့မှ လွတ်လာပါတယ်ဗျ”
သူ့ကို ဂန့်ဂေါမြို့ တရားရုံးမှာ အမိန့်ချမှတ်ခဲ့ပြီး ကလေးမြို့နဲ့ ပခုက္ကူမြို့ အကျဉ်းထောင်တွေကို မပို့ဘဲ ဂန့်ဂေါရဲစခန်းအချုပ်ထဲမှာ နေခဲ့ရတာလို့ ဆိုပါတယ်။
ဂန့်ဂေါရဲစခန်းအချုပ်ထဲမှာ ၅ နှစ်ကနေ နှစ် ၂၀ အထိ အမိန့်ချမှတ်ပြီးသား အကျဉ်းသားတွေလည်းရှိနေပြီး လက်ရှိမှာ သူတစ်ဦးပဲ ပြန်လွတ်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသူ၊ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။