စစ်တွေမြို့ ဂန့်ဂေါ်ကျွန်းရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၁၀၀ ခန့် ပြန်မလွတ်သေး

စစ်တွေမြို့နယ်ထဲက ဂန့်ဂေါ်ကျွန်းရွာ လှေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ တစ်ရာနီးပါး ဒီနေ့အထိ ပြန်မလွတ်သေးပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက ဂန့်ဂေါ်ကျွန်းရွာ လှေဆိပ်မှာ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ တစ်ရာနီးပါး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ စစ်တွေမြို့ခံတွေက RFA ကို ပြောပါတယ်။

ကုန်းလမ်းနဲ့ ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဒေသခံတွေဟာ စစ်တွေမြို့ကနေ တိတ်တဆိတ်စွန့်ခွာချိန် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့က အမှတ် (၁) ရဲစခန်းဆီခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူးလို့ အဲဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုထိ ပြန်လွတ်လာတာ မရှိသေးဘူး။ ဖမ်းခံထားရတဲ့ အသက်အရွယ်အစုံပါတယ်။ အခုထိကို တစ်ယောက်မှ မလွတ်သေးပါဘူး။ အဆက်အသွယ်လည်း မရကြဘူး။ ရဲစခန်းကို သွားစုံစမ်းဖို့ကလည်း အခက်အခဲတွေ ရှိနေကြတယ်"

ဖမ်းဆီးခံထားရသူတွေဟာ ပြစ်မှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကျူးလွန်ထားတာ မရှိတာကြောင့် စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

လတ်တလောအခြေအနေအရ ဖမ်းဆီးခံထားရတဲ့ စစ်တွေဒေသခံ တစ်ရာနီးပါးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးပါဘူး။

ဒီအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းမှာပဲ ဂန့်ဂေါ်ကျွန်းမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org