လုပ်ခလစာ တိုးမြှင့်ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြ
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2012-05-14 -
-
-
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က ဆန္ဒပြနေစဉ်။
Photo courtesy of သူရမျိုး (YPI)
အခြေခံလုပ်ခလစာဟာ ကျပ်တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲ ရတဲ့အတွက် လုပ်ခလစာ အခြေခံ သုံးသောင်းကျော်နဲ့ အချိန်ပိုကြေးအပါအဝင် တစ်လကိုအနည်းဆုံး ၇ သောင်းလောက် ရလိုကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဒီစပယ်ပွင့်စက်ရုံဟာ တရုတ်ပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လောလောဆယ် အလုပ်သမား ခေါင်းဆောင် ၅ ဦးကိုခေါ်ယူပြီး အလုပ်သမားရေးရာဌာနနဲ့ အလုပ်ရှင်တို့က ညှိနှိုင်းဆွေးနွေး နေတယ်လို့ သိရပါတယ်။
အဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး ဒီကနေ့ အလုပ်သမား အားလုံးနီးပါးက အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။