အလွန်အကျွံ ခိုင်းစေမှုကြောင့် အလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အလုပ်ရှင်ရဲ့ အလွန်အကျွံ ခိုင်းစေမှုတွေကို မကျေနပ်တဲ့အတွက် တောင်းဆိုချက် ၁၀ ချက်နဲ့ စက်ရုံအတွင်းရော အပြင်မှာပါ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အလုပ်ချိန် တစ်နေ့ (၈) နာရီ သတ်မှတ်လိုက်တဲ့နောက် အလုပ်ရှင်က တစ်နာရီအတွင်း ပြီးစီးရမယ့် ချုပ်ထည် သတ်မှတ်ချက်ကို မလျှော့ချဘဲ အဆမတန် ခိုင်းစေ နေတာကြောင့် အလုပ်သမားတွေဘက်က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

"မနက် ၇ နာရီခွဲကနေ စတာလေ။ ၉၅ ယောက်။ အထဲထဲမှာလည်း လူတွေရှိသေးတယ်။ သူတို့က အပြင်ကို ထွက်ချင်တယ်။ ထွက်လို့မရဘူး။ ၄၅ မိနစ်ကို အထည် ၄၀-၄၅ ချုပ်ရတယ်။ အရင်တုန်းက မိနစ် ၆၀ ကိုမှ ၅၀-၄၅ ချုပ်ရတယ်။ ဒီအချက် တွေက အလုပ်သမားတွေအတွက် အရမ်းနစ်နာနေလို့ တောင်းဆိုတာ။ အလုပ်ရှင်က လိုက်လျောတယ်လို့ ဘာတစ်ခုမှ မပြောသေးဘူး။ အလုပ်သမားတွေကလည်း သူတို့တောင်းဆိုချက်တွေ မရသေးလို့ မဝင်နိုင်ဘူးတဲ့။ ဒီတောင်းဆိုချက် ၁၀ ချက်လုံး ရမှ အထဲထဲကို အလုပ်ပြန်ဆင်းနိုင်မယ်။ မရရင် မဆင်းဘူး"

ဒီကနေ့ ဆန္ဒပြပွဲမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ချုပ်ပေးဖို့၊ ရာထူးကြီးတဲ့ အလုပ်သမားတွေက ရာထူးငယ်တဲ့ အလုပ်သမားတွေအပေါ် ကြမ်းတမ်းမောက်မာစွာ မဆက်ဆံဖို့၊ အလုပ်သမား အချင်းချင်းကြား ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့၊ စက်ရုံတွင်းမှာ ဖိနပ်စီးခွင့်ပေးဖို့ စတဲ့ တောင်းဆိုချက်(၁၀) ကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ (၁၀) ချက်ထဲက အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ အချက်ကလွဲပြီး ကျန်တောင်းဆိုချက် အားလုံးကို လိုက်လျောပေးဖို့ အလုပ်ရှင်ဘက်က ညနေပိုင်းမှာ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org