မြန်မာနိုင်ငံ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဈေးပြိုင်ခေါ်

မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေ အတွက် တင်ဒါစနစ်နဲ့ ဈေးပြိုင်ခေါ်ရာမှာ တရုတ်နဲ့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက စိတ်မဝင်စားကြဘဲ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေသာ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ Photo: Shwe Gas Movement

မြန်မာအစိုးရက ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် အသစ် ၁၈ ခုအတွက် နိုင်ငံခြားကုမ္ပဏီ အားလုံးကို ဒီရက်ပိုင်းအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံခွင့် ပေးရာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး Sinopec၊ CNPC နဲ့ CNOCC တရုတ်ကုမ္ပဏီကြီး ၃ ခု ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Total ကုမ္ပဏီ၊ ရုရှနိုင်ငံက Gazprom နဲ့ Royal Dutch Shell ကုမ္ပဏီတွေကလည်း အခုလုပ်ကွက်အသစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုအသစ်ခေါ်ယူတဲ့ လုပ်ကွက်တွေက သဘာဝဓာတ်ငွေ့နဲ့ ရေနံ ထွက်ရှိမယ့်ပမာဏ လေ့လာချက်အရ ထွက်ရှိနိုင်မှုကို အားမရတာကြောင့် တရုတ်ကုမ္ပဏီကြီးတွေ မပါဝင်တာလို့ ပြောပါတယ်။ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေကတော့ ရင်းနှီးမြှုပ်နှံလိုပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြောင်း သိရပါတယ်။

လက်ရှိ မြန်မာအစိုးရက ကမ်းလှမ်းထားတဲ့ ကုန်းတွင်းနဲ့ကမ်းလွန် လုပ်ကွက် အသစ် ၁၈ ခုမှာ အဓိက ရင်းနှီးမြှုပ်နှံမှာကတော့ မလေးရှားနိုင်ငံက Petronas၊ ထိုင်းနိုင်ငံက PTT နဲ့ အိန္ဒိယနိုင်ငံက ONGC Videsh ကုမ္ပဏီတွေပါ။

မြန်မာအစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စာရင်းအရ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံထွက်ရှိမယ့် ပမာဏက ကုန်းတွင်းပိုင်းမှာ ပီပါပေါင်း ၁၁၅ သန်းနဲ့ ကမ်းလွန်ပမာဏက ပီပါသန်းပေါင်း ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏက ကုဗပေ ၄၀၀ ဘီလီယမ် ရှိပြီး ကမ်းလွန်မှာတော့ ကုဗပေ ၁၆ တရီလီယမ် ရှိမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org