လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား
မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။
-
2013-07-26 -
-
-
မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။
ဇူလိုင် ၆၊ ၇ ရက်နေ့တွေက မန္တလေးမြို့ ကျုံးအရှေ့ဘက်မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခေါ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အရှက်ခွဲတာတွေ လုပ်ခဲ့တာကြောင့် ခုလိုတိုင်ကြားရတာလို့ မြန်မာလိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာကွန်ရက်က ကိုနေဦးလွင်က RFA ကိုပြောပါတယ်။
"ရဲတွေက ကျနော်တို့ လိင်တူချစ်သူတွေကို ဖမ်းတာကဖမ်းလို့ရတယ်၊ သူတို့စစ်ဆေးတာ စစ်ဆေးလို့ရတယ်၊ ဒါပေမယ့် လူသားခြင်းမစာနာပဲနဲ့ လူသားတစ်ယောက်လို မပြုမူပဲနဲ့ သူတို့တွေလုပ်တဲ့အတွက်ကို ကျနော်တို့က ကန့်ကွက်တာပါ"
သူတို့ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့တဲ့ မန္တလေးတိုင်း အမှတ် (၃) ရဲစခန်းနဲ့ တိုင်းဒေသမှူးရုံးတို့ကို အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပါတယ်။
လူ့အခွင့်အရေးရှုဒေါင့်အရ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားတာဖြစ်သလို ရှေ့တစ်ပတ် မှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ဆီကိုလည်း ဆက်လက်တိုင်ကြားမှာဖြစ်တယ်လို့ အဲဒီကွန်ရက် တာဝန်ရှိသူတွေကပြောပါတယ်။