ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေတပ်ဦးစီးချုပ်ရာထူးမှ အနားပေးခံရ

စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးက အနားပေးလိုက်ပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ခန့်အပ်လိုက်တယ်လို့ စစ်ဘက် သတင်းရင်း မြစ်တွေက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို တွေ့ရစဉ် AFP Photo

စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးက အနားပေးလိုက်ပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ခန့်အပ်လိုက်တယ်လို့ စစ်ဘက် သတင်းရင်း မြစ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ရာထူးကနေ အနားယူလိုက်ရပေမယ့် နိုင်ငံရေးရာထူးဖြစ်တဲ့ စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လေတပ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အနားယူလိုက်တာကြောင့် ဗိုလ်ချုပ်ကြီး ရာထူး ၄ နှစ် တိတိမှာ အငြိမ်းစားယူရတာဟာ စစ်မှု ထမ်း စည်းမျဉ်းအတိုင်းပဲဖြစ်တယ်လို့ စစ်ဘက်ရေးရာ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး အဆင့် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့ဟာ ပုံမှန်သက်တမ်း လေးနှစ်တာဝန်ထမ်းဆောင်ပြီးလို့ ရာထူး ဆက်မတိုးဘူးဆိုရင် အငြိမ်းစားယူရမယ် ဆိုတဲ့ စစ်မှုထမ်းဆိုင်ရာ ညွှန်ကြားချက် ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၆) ဆင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ၂၀၁၂ ခုနှစ်မှာ မြိတ်လေတပ်စခန်း ဌာနချုပ်မှူး၊ ၂၀၁၅ မှာ စစ်ဦးစီး အရာရှိချုပ် (လေ)နဲ့ ၂၀၁၈ မှာ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ ဖခင်ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူ ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ဖြစ်ပါတယ်။

လေတပ် ဦးစီးချုပ်အသစ်ဖြစ်လာသူ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး သူဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ကို တက်ရောက်ခဲ့သူတစ်ဦး ဖြစ်ကာ ၁၉၈၇ ခုနှစ်မှာ ကျောင်းဆင်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ လေတပ်အတွက် အရေးကြီးတဲ့ MiG - 29 ဂျက်တိုက်လေယာဉ်တွေ ရရှိရေးအတွက် ရုရှားနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်လို့လည်း စစ်ဘက် အသိုင်း အဝိုင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ စစ်တပ်ရာထူးဖြစ်တဲ့ စစ်ဥပဒေချုပ် ရာထူးကနေ အနားပေးလိုက်တာ၊ စစ်တပ်ရဲ့ စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကိုလည်း စစ်တပ် အရန်အင်အားကို ပြောင်းရွှေ့လိုက်တာနဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် ဖြိုးသန့်ကို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org