ရွှေတူးဖော်ရေး ကုမ္ပဏီတွေကို လယ်သမားများက တရားစွဲ
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းနယ်မှာရှိတဲ့ စပါးခင်းတွေ အမြောက်အများဟာ အဲဒီအနီးအနားမှာ ရွှေတူးနေတဲ့ ကုမ္ပဏီတွေကြောင့် ပျက်စီးကုန်လို့ ဒီနေ့ မြို့နယ် တရားရုံးမှာ လယ်သမားတွေက တရားစွဲလိုက်တယ်လို့ သိရပါတယ်။
-
2012-05-11 -
-
-
ဟုမ္မလင်းမြို့နယ်၊ ဟွေဖလာဒေသ၊ နောင်တောကျေးရွာအုပ်စုဝင်၊ တုံခံကျေးရွာက တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေဟာ ရွှေတူးစက်တွေကြောင့် ပျက်စီးကုန်တဲ့အကြောင်း အဲဒီဒေသမှာ ရောက်နေပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေး ကိုဖိုးဖြူက အခုလို ပြောပါတယ်။
"ရှမ်းတိုင်းရင်းသား တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ကုမ္ပဏီတွေက ရွှေတူးတယ်။ လယ်သမားတွေရဲ့ လယ်ယာမြေကို တူးတာမဟုတ်သည့်တိုင်အောင် လယ်နဲ့အနီးဆုံး နေရာတွေမှာ လာတူးတာ ဖြစ်တဲ့အတွက် ရွှေမျောပြီးရေတွေ၊ အညစ်အကြေးရေတွေ ဒါ့အပြင် ကျောက်စာခဲတွေ၊ သဲတွေဖုံးသွားတယ်။ သဲတွေဖုံးတာကို ခံရတာကြောင့် စပါးတွေက ပုတ်ကုန်တယ်။ ဒီလိုသဘာဝပတ်ဝန်းကျင်တွေ ထိခိုက်သွားတဲ့အပြင် ရေကလည်း ရေဆိုးရေညစ်တွေ၊ အနီးဆုံးရှိတဲ့ အင်းထဲကမှတဆင့် ဥရုချောင်းထဲကို ဝင်တယ်"
ပျက်စီးသွားတဲ့ လယ်ဧက ၂၀၀ ကျော်ရှိပြီး ရွှေတူးတဲ့ ကုမ္ပဏီတွေကတော့ အောင်တိုင်းစံနဲ့ စွမ်းထက်ဝင် ဆိုတဲ့ ကုမ္ပဏီ ၂ ခုအပါအဝင်၊ ကုမ္ပဏီ ၆ ခုက အဲဒီအနီးအနားမှာ ရွှေတူးနေကြတာလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို ကုမ္ပဏီတွေက သိမ်းယူတာ၊ အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး သိမ်းယူတာတွေနဲ့ ပတ်သက်လို့ လယ်သမားတွေက ပြန်လည်တရားစွဲဆိုတာတွေ ရှိခဲ့ပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ လယ်သမားတွေက ပြန်လည်တရားစွဲတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူအမျိုးသမီး တစ်ဦးကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |