ရွှေတွင်းအလုပ်သမား ချီတက်ရာလမ်း လုံခြုံရေးတပ် ပိတ်ဆို့
ရမည်းသင်းခရိုင် မိုးထိ၊ မိုးမိတောင် ရွှေတွင်းက ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေဟာ သူတို့ရပိုင်ခွင့် အခွင့်အရေးတွေ တောင်းဆို ဖို့အတွက် နေပြည်တော်အထိ ချီတက်ဆန္ဒပြကြဖို့ လာကြရမှာ လမ်းမှာ လုံခြုံရေးတပ်တွေက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
-
2012-06-12 -
-
-
ရွှေတွင်းအလုပ်သမားတွေဟာ မနေ့က စတင်ချီတက်ခဲ့ကြတာဖြစ်ပြီး လက်ရှိ မိုးထိ၊ မိုးမိတောင်ကနေ ၅ မိုင်ခန့်ဝေးတဲ့ သိမ်ကုန်းကျေးရွာ အနီးက ရွှေမြင်တင် ဘုရားခြေရင်းမှာ ရောက်ရှိနေကြတာပါ။ ချီတက် ဆန္ဒပြကြတဲ့ အလုပ်သမားတွေကို လုံထိန်းရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားကြောင်း သိရပါတယ်။
အလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ ကြိုးစားနေတဲ့ ရန်ကုန်မြို့အခြေစိုက် အိုင်အယ်လ်အို အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကို အကူအညီပေးနေသူ ဦးသက်ဝေ၊ ရမည်းသင်းမြို့နယ်က ဆရာတော်တွေနဲ့ ဆရာတော် ဦးဝီရသူတို့ကို အလုပ်သမားတွေနဲ့ တွေ့ခွင့်မပေးဘူးလို့ အလုပ်သမားအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
"ဆရာတော် ဦးဝီရသူရယ်၊ ကျွန်တော်ရယ်၊ အိုင်အယ်လ်အိုက ဦးသက်ဝေရယ်၊ ရမည်းသင်းမြို့နယ်က သံဃာ့နာယက အဖွဲ့က ဆရာတော်တွေရယ် အခုလာတာပါ။ အလုပ်သမားတွေနဲ့တွေ့ခွင့်တောင်းပေမဲ့ တွေ့ခွင့်မပေးပါဘူး။ အလုပ်သမားတွေက သူတို့သပိတ်စခန်းရှိရာ ရွှေမြင်တင်ဘုရားရဲ့ အခြေမှာရှိပါတယ်။ ကျွန်တော်တို့နဲ့ အလုပ်သမားနဲ့က ကိုက် ၃၀၀ လောက်ဝေးပါတယ်။ ကျွန်တော်တို့နဲ့ အလုပ်သမားတွေရဲ့ကြားမှာ ရဲတပ်သား ၄၀၀ ကျော်လောက်က လမ်းမကို ပိတ်ဆို့ကာရံ ထားပါတယ်"
မိုးထိ၊ မိုးမိတောင် ရွှေတွင်းမှာ လုပ်ကိုင်နေကြတဲ့ အသေးစား ရွှေတူးလုပ်ငန်းရှင်တွေနဲ့ ရွှေလုပ်သားတွေဟာ သူတို့နဲ့ အရင်က အကျိုးတူ စီးပွားလုပ်ကိုင်ခဲ့တဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ဆန္ဒပြနေကြတာ တစ်လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။
အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ အစိုးရထံက လုပ်ပိုင်ခွင့် ၅နှစ်သက်တမ်းရရှိထားပြီး ၇ လအကြာ လုပ်ငန်းလည်ပတ်ချိန်မှာ အရင်က အတူလုပ်ကိုင်ခဲ့တဲ့ အသေးစား လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကို လုပ်ပိုင်ခွင့်တွေ ရပ်ဆိုင်းခဲ့တာလို့ သိရပါတယ်။