အခေါက်ရွှေ ရည်ညွှန်းဈေး ကျပ်တစ်သိန်းကျော် မြင့်တက်

ပြည်တွင်းအခေါက်ရွှေ ရည်ညွှန်းဈေးနှုန်းဟာ နှစ်ရက်အတွင်းမှာတင် ကျပ်တစ်သိန်းကျော် မြင့်တက်လာပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။

ပြည်တွင်းအခေါက်ရွှေ ရည်ညွှန်းဈေးနှုန်းဟာ နှစ်ရက်အတွင်းမှာတင် ကျပ်တစ်သိန်းကျော် မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက စက်တင်ဘာလ ၂၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ရည်ညွှန်းဈေးဟာ စက်တင်ဘာလ ၂၂ ရက်က အခေါက်ရွှေ တစ်ကျပ်သားကို ၅၂ သိန်း တစ်သောင်းကျော် (၅,၂၁၆,၀၁၂) ရှိပေမဲ့ စက်တင်ဘာလ ၂၄ ရက် ဒီနေ့မှာမှာ ၅၃ သိန်း သုံးသောင်းကျော် (၅,၃၃၀,၈၆၂) အထိရှိလာတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့မှာ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာကြောင့် ရွှေအသင်း ရည်ညွှန်းဈေးလည်း မြင့်တက်လာတာလို့ RFA ကို ပြောပါတယ်။

“ဒီတစ်ပတ် ကမ္ဘာ့ရွှေဈေးကတက်လာတယ်။ ပြည်တွင်းဒေါ်လာဈေးကြောင့် တက်လာတာ မဟုတ်ဘူး။ ဒေါ်လာဈေးက အငြိမ်ဘက်မှာရှိတယ်”

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၅၇၇ ရှိပြီး စက်တင်ဘာလ ၂၄ ရက် ဒီနေ့ ရွှေဈေးကွက်ပြန်အဖွင့်မှာ အမေရိကန်ဒေါ်လာ ၂၆၃၀ အထိ မြင့်တက်လာပါတယ်။

ရွှေအသင်းရဲ့ ရည်ညွှန်းဈေးမြင့်တက်နေပေမဲ့ ပြင်ပရွှေဈေးကွက်မှာ ဈေးနှုန်းမြင့်တက်လာတာမရှိဘဲ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းအထိ အခေါက်ရွှေတစ်ကျပ်သားကို ၆၈ သိန်းခန့်နဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဩဂုတ်လ ပထမအပတ်ကစလို့ ပြင်ပမှာ ရွှေနဲ့ဒေါ်လာဈေးတွေ ဆက်တိုက်ကျဆင်းလာနေတာပါ။ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းကတော့ စက်တင်ဘာလ ၂၄ ရက် ဒီမနက်မှာ တစ်ဒေါ်လာကို ကျပ်ငါးထောင်ဝန်းကျင်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org