ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ရွှေထည်တွေနဲ့အတူ ဖမ်းဆီးသတ်ဖြတ်ခံရ
ရန်ကုန်တိုင်း ကြည့်မြင်တိုင်ညစျေးထဲမှာ ဖွင့်ထားတဲ့ ဇမ္ဗူရာဇ်ရွှေဆိုင်ရဲ့ ပိုင်ရှင်ဦးမင်းဇော်ဦး အောက်တိုဘာ ၈ ရက်နေ့က ရွှေထည်ပစ္စည်းတွေနဲ့အတူ ဆိုင်သိမ်းပြီးအပြန် လူတစ်စုရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။
- 2023-10-09
-
-
-
ရန်ကုန်တိုင်း ကြည့်မြင်တိုင်ညစျေးထဲမှာ ဖွင့်ထားတဲ့ ဇမ္ဗူရာဇ်ရွှေဆိုင်ရဲ့ ပိုင်ရှင်ဦးမင်းဇော်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို တောထဲမှာပစ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။
ဦးမင်းဇော်ဦးဟာ အောက်တိုဘာ ၈ ရက်နေ့က ရွှေထည်ပစ္စည်းတွေနဲ့အတူ ဆိုင်သိမ်းပြီးအပြန် လူတစ်စုရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရတာလို့ မျက်မြင်တွေ့ခဲ့တဲ့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
အဲဒီလိုဖမ်းဆီးခံရပြီး နောက်တစ်ရက် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဇီးရိုးမိုင်အနီးက မြက်တောထဲမှာ သူ့ရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာလို့ ဦးမင်းဇော်ဦးကိုးကွယ်တဲ့ ရွှေညဝါဆရာတော်ဦးပညာသီဟကလည်း မိန့်ပါတယ်။
"ဒကာမင်းဇော်ဦးအလောင်းမှာ ဓားနဲ့ထိုးသွင်းဒဏ်ရာလည်းမတွေ့၊ ကျည်ဆံရာလည်းမတွေ့ရဘူး။ ပါးစပ်နဲ့နှာခေါင်းပိတ်စည်းထားတယ်။ လည်ပင်းမှာ ကြိုးနဲ့တုတ်ထားတဲ့ဒဏ်ရာတွေ့တယ်။ လက်နောက်ပြန် လက်ထိပ်ခတ်ထားတာလည်းတွေ့ရတယ်"
လက်ထိပ်နောက်ပြန်ခတ်သေဆုံးနေတဲ့ ရုပ်အလောင်းကိုပဲတွေ့ရပြီး သူနဲ့ပါသွားတဲ့ ရွှေထည်ငွေထည်တွေကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဦးမင်းဇော်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေဘက်ကို RFA က မေးမြန်းလို့မရသေးပါဘူး။ သူနဲ့ပါသွားတဲ့ ရွှေထည်ပစ္စည်းတန်ဖိုးကိုလည်း မသိရသေးပါဘူး။
ခေတ်ကာလမကောင်းလို့ ဆိုင်မဖွင့်ဖို့ ပြောဖို့ပြင်နေတာ ပြောလို့မမှီလိုက်ဘူးလို့ ရွှေညဝါဆရာတော်ဦးပညာသီဟက မိန့်ပါတယ်။
"ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဆွမ်းခံကြွရင်းနဲ့ဒကာမင်းဇော်ဦးကို တွေ့ခဲ့သေးတယ်။ ခေတ်ကာလအခြေအနေအရ တချို့ရွှေဆိုင်တွေလည်း မဖွင့်ကြတော့ သူ့ကိုလည်းဆိုင်မဖွင့်ပါနဲ့ဦးလို့ပြောမလို့ပြင်နေတုန်းရှိသေး မပြောလိုက်ရဘူး"
အသက် ၄၀ ဝန်းကျင် ဦးမင်းဇော်ဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကိုပို့လိုက်ပြီး အောက်တိုဘာ ၁၀ ရက် မနက်ဖြန်မှာ စျာပနလုပ်သွားမယ်လို့ ဆိုပါတယ်။
ဦးမင်းဇော်ဦးကို ဖမ်းဆီးသွားတဲ့ လူတစ်စုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရဆီကို ဒီကနေ့ညပိုင်းမှာ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။