သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် လုယက်ခံရမှု တစ်ရာနီးပါး ရှိ

အာဏာသိမ်း သုံးနှစ်အတွင်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ခံရမှုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ ဆယ်သန်းရွှေဆိုင်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ Citizen Journalist

အာဏာသိမ်း သုံးနှစ်အတွင်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ခံရမှုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ ရွှေဆိုင် လုယက်ခံရမှု ၅၇ ခု၊ ဘဏ်အဆောက်အအုံထဲမှာ ဝင်‌ရောက်လုယက်ခံရမှု ၂၅ ခု ရှိခဲ့တယ်လို့ဆိုပါတယ်။

ဘဏ်လုယက်ခံရမှုတွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လျော့နည်းသွားတယ်လို့ Data for Myanmar က ဖော်ပြထားပါတယ်။

ရွှေဆိုင် လုယက်ခံရမှုတွေကတော့ တစ်လကို အနည်းဆုံး တစ်ကြိမ်ရှိနေပြီး မန္တလေးမြို့က ၁၂ ကြိမ်၊ ရန်ကုန်မြို့က ခြောက်ကြိမ်၊ ဖားကန့်မြို့က သုံးကြိမ်နဲ့ အများဆုံး ပါဝင်နေတာကို တွေ့ရပါတယ်။

နောက်ပြီး ရွှေဆိုင် လုယက်ခံရမှုတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ဖမ်းဆီးအရေးယူနိုင်ထားတာ တွေ့ရတယ်လို့ Data for Myanmar က ရေးသားထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ဆယ်သန်းရွှေဆိုင်ကို ဆိုင်ကယ်နဲ့ အမျိုးသားသုံးဦးက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org