ရွှေကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ရွှေထည်ပစ္စည်းတွေအပေါ်မှာ အခွန် သုံးရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမဲ့ အခွန်ကောက်ဥပဒေကို ပြင်ဆင်သတ်မှတ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။

ရွှေထည်ပစ္စည်းတွေအပေါ်မှာ အခွန် သုံးရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမဲ့ အခွန်ကောက်ဥပဒေကို ပြင်ဆင်သတ်မှတ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အခွန်ကောက်ဥပဒေ ပုဒ်မ (၁၄) ရဲ့ ပုဒ်မခွဲ (ဈ) မှာ ရွှေစင်၊ ရွှေတုံး (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါး) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေကို ရောင်းချရာမှာ ရရှိငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းကောက်ခံဖို့ ပြင်ဆင်လိုက်တာပါ။

ဒီဥပဒေပြင်ဆင်ချက်ဟာ လာမဲ့အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရင် အခွန်ကောက်ဥပဒေမှာ ရွှေတုံး၊ ရွှေခဲနဲ့ ရွှေထည်လက်ဝတ်ရတနာ ရောင်းချမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီး တံဆိပ်ခေါင်း အခွန်တစ်ရာခိုင်နှုန်းသာ ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဒီလို အခွန်တိုးမြှင့်လိုက်တာကြောင့် ရွှေရောင်းဝယ်မှုတွေမှာ အခွန်ရှောင်မှုနဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ ရွှေဝယ်ရောင်းလုပ်တဲ့သူတွေ အခွန်ဆောင်ဖို့ လိုအပ်လာတဲ့သဘောဖြစ်လာတာပေါ့။ နောက်တစ်ခုက အခွန်မဆောင်တဲ့သူတွေ လိုင်စင်မရှိဘဲ လုပ်ကိုင်တဲ့သူတွေကို အခွန်မဆောင်ထားဘူး အခွန်ရှောင်တယ်ဆိုပြီး အရေးယူဆောင်ရွက်လို့ရတဲ့ အခြေအနေမျိုးဖြစ်လာတယ်”

ဒီဥပဒေပြင်ဆင်ချက်ကြောင့် ရွှေစျေးကွက်မှာ အရောင်းအဝယ်နည်းသွားနိုင်ပေမဲ့ ရွှေစျေးနှုန်းအတက်အကျ အပေါ်မှာတော့ သက်ရောက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်ပြီးနောက် ရွှေနဲ့ အမေရိကန်ဒေါ်လာဈေး အဆမတန်မြင့်တက်လာသလို စစ်ကောင်စီကလည်း ကုန်သွယ်လုပ်ငန်းခွန်အပေါ် တိုးမြှင့်ကောက်ခံတာတွေ ဆက်တိုက်ဆောင်ရွက်လာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org