မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရ၊ သုံးဦး သေဆုံး

Golden Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် တပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Golden Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ Golden Eagle Force-Monywa-V2

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် Golden Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၁၅ ရက်နေ့က အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်စီးနင်း ခဲ့တဲ့အတွက် တပ်သားသုံးဦး သေဆုံးကာ ၁၀ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်စောက်ရပ်ကွက်အပိုင် အနောက်ဘက် ချင်းတွင်းမြစ်ဘေးက ကျွန်းပေါ်မှာ တပ်စွဲနေထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်က အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ မတ်လ ၁၅ ရက် မနက် ၅ နာရီကနေ နေ့လယ် ၁၂ နာရီထိ ခုနစ်နာရီကြာအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန် ပစ်ခတ်ခဲ့တယ်လို့ ညောင်ပင်စောက်ရွာ က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီမှာ ကာကွယ်ရေးအဖွဲ့က ၁၅ ဦး ရှိတာပါ။ ၁၀ ဦးကတော့ စစ်ကြောင်းပြန်ထွက် သွားတဲ့အချိန် နမခထဲ တစ်ခါတည်း ခေါ်သွားတယ်။ သုံးဦးကိုတော့ ရုပ်ပျက်ဆင်းပျက် သတ်ထားခဲ့တယ်။ နှစ်ဦးက လွတ်မြောက်တယ်ပေါ့။ အိမ်တွေဘာတွေတော့ မီးမရှို့သွားဘူး။ မြို့နဲ့ နီးလို့ဖြစ်မယ်။ ပစ္စည်းတချို့ကိုတော့ ရှာဖွေ ယူဆောင်သွားတယ်"

သေဆုံးပြီး ဖမ်းဆီးခံထားရတဲ့ Golden Eagle ကာကွယ်ရေးတပ်က လူတွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး အမည်တွေကို အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

မုံရွာ-အမြင့် လမ်းခွဲအနီးမှာရှိတဲ့ ညောင်ပင်စောက်ရွာမှာ နေအိမ် ၃၀၀ ကျော် လူဦးရေ တစ်ထောင်ကျော်နေထိုင်ပြီး ရွာကနေ စစ်ကြောင်းတွေ ပြန်ထွက်သွားတာကြောင့် ဒေသခံတွေက နေအိမ်တွေမှာ မနေ့တည်းက ပြန်နေထိုင်ကြနေပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သေဆုံးခဲ့ရသူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့အထိ စုစုပေါင်း ၃၁၃၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရလည်း စစ်ကိုင်းတိုင်းအတွင်းမှာ အရပ်သား ခုနစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org