အစိုးရစစ်တပ်အရာရှိ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက် ကေအိုင်အို ငြင်းဆို
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ် နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။
-
2013-09-14 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိ တစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။
မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ကေအိုင်အေတပ်မှူးနဲ့ တပ်သားတွေကို အရေးယူပေးဖို့ အစိုးရက မချမ်းဘောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ထံကို ဖြေရှင်းချက်တောင်းထားတယ်လို့ သိရပါတယ်။
KIO အဖွဲ့ကပြောရာမှာတော့ ဒီဖြစ်ရပ်ဟာ လက်တွေ့ဖြစ်ရပ်နဲ့ လွဲချော်နေတာကြောင့် ဖြေရှင်းချက်ပေးစရာမလို ဘူးလို့ ပြောပါတယ်။ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းပြောတာက
“သူတို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စာပို့ထားတယ်၊ ကျနော်တို့ဘက်က အဲဒီအပေါ်မှာ ဘာမှပြန်ကြားစရာမရှိဘူးခင်ဗျ၊ ဒီဖြစ်တာကလည်း အမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာကတော့ သြဂုတ် ၂၈ ရက် တိုက်ပွဲဖြစ်တယ်၊ အရာရှိငယ်တစ်ယောက်ကျသွားတယ်၊ အဲဒီအရာရှိငယ်ကို ကျနော်တို့ဘက်က မြေမြှုပ်သြင်္ဂိုလ်လိုက်တယ်၊ အဲဒီအရာရှိရဲ့အလောင်းကို ဘယ်မှာမြှုပ်ထားသလဲဆိုတာ ကျနော်တို့ဘက်ကို PCG ကနေတဆင့် စုံစမ်းလာတာရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း မြှုပ်ထားတဲ့နေရာကို ပြောတဲ့အတွက်ကြောင့်မို့ သူတို့က စက်တင်ဘာလ ၅ ရက်နေ့ကျတော့ အဲဒီအလောင်းကိုပြန်ဖော်ယူတယ်၊ ကျနော်တို့ဘက်ကအလောင်းကို ဘာမှခေါင်းဖြတ်တာတို့၊ ဗိုက်ခွဲတာတို့ မလုပ်ဘူး၊ အဲလိုမျိုးလုပ်ရိုးလုပ်စဉ်လည်းမရှိခဲ့ဘူး” လို့ပြောပါတယ်။
ဦးလာနန်းအဆိုအရ သြဂုတ် ၂၈ ရက်နေ့တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းနယ်မြေအတွင်း စစ်ကူဝင်ရောက်လာတဲ့ အစိုးရတပ်တွေက ဒေသခံတွေကို နှိပ်စက်တာတွေလုပ်တဲ့ သတင်းတွေ ထွက်လာတာကြောင့် အခုလိုKIO ကို အပြန်အလှန်စွပ်စွဲမူတွေ လုပ်တာဖြစ်တယ်လို့ပြောပါတယ်။
KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ကာလမှာပဲ အစိုးရတပ်နဲ့ KIA တပ်ကြားမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေဆက်ဖြစ်မလားဆိုပြီး သံသယတွေဖြစ်နေပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ PCG အဖွဲ့ဝင် ဦးခွန်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။