အစိုးရတပ်နဲ့ DKBA ကြား တိုက်ပွဲ ဆက်ဖြစ်
ဇူလိုင်လ ၂ ရက်နေ့ကစတင် ဖြစ်ပွားနေတဲ့ အစိုး တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ မနေ့က ကော့ကရိတ်မြို့မှာ ဆွေးနွေး ခဲ့ကြပေမယ့် ဒီနေ့ အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ DKBA ကပြောပါတယ်။
-
2015-07-05 -
-
-
Your browser doesn’t support HTML5 audio
ဇူလိုင်လ ၂ ရက်နေ့ကစတင် ဖြစ်ပွားနေတဲ့ အစိုးတပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တို့ကြား ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ မနေ့က ကော့ကရိတ်မြို့မှာ ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့ အစိုးရဘက်က လက်နက် ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ DKBA ကပြောပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ DKBA ပိတ်ထားတဲ့ မြဝတီ-ကော့ကရိတ်လမ်းကို ဖွင့်ပေးဖို့ အစိုးရဘက်က တောင်းဆို တာကြောင့် ဒီကနေ့မွန်းတည့်ချိန်မှာ ပိတ်ထားတဲ့ လမ်းနှစ်လမ်းထဲက လမ်းဟောင်းကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ လမ်းပြန်ဖွင့်ပြီး မိနစ်ပိုင်းအတွင်း အစိုးရဘက်က ခရီးသည်တွေသွားလာတဲ့ လမ်းဘက်ကို လက်နက် ကြီးနဲ့ စတင် ပစ်ခတ်ခဲ့တယ်လို့ DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက ပြောပါတယ်။
"ဒီလမ်းကိုဖွင့်ပေးပါလို့ ကျနော်တို့ကိုပြောတယ်၊ ကျနော်တို့ DKBA က သူတို့ကို ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ က သူတို့ကိုဖွင့်ပေးလိုက်တယ်၊ ကျနော်တို့ဖွင့်ပေး တာနဲ့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲရှိသေးတယ်၊ မောင်းလာ တဲ့ ကားတွေကျနော်တို့ဆီကို ရောက်လည်းရောက်ရော သူတို့လည်းပစ်ရော၊ ဒါက ကျနော်တို့ကို ပစ်တာမဟုတ် ဘူး ပြည်သူကို သက်သက်ပစ်နေတာ"
အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ စကခ ၁၂ လက်အောက်ခံ၊ ခမရ ၅၄၉ က ဖြစ်တယ်လို့ဆိုပါတယ်။
အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း၊ ထိုင်းနိုင်ငံ တပ်ခရိုင်မှာ ထိုင်းစစ်တပ်က မြန်မာနဲ့ နယ်စပ်တလျှောက် တပ်တွေဖြန့်ချ ထားကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
တိုက်ပွဲတွေဟာ မဲဆောက် ခရိုင် တဖက်ကမ်း၊ ထိုင်း မြန်မာနယ်စပ်ကနေ မိုင် ၂၀ နှီးပါး အကွာမှာ ဖြစ်ပွားနေ တာကြောင့် ထိုင်းဘက်မှာ တပ်လှန့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ မစခင် အစိုးရတပ်က စစ်သည် သုံးရာဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ အတူ ချထားခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အစိုးရတပ်အနေနဲ့ မော်လ မြိုင်၊ မြဝတီနဲ့ ထိုင်းနိုင်ငံ ဆက်စပ်နေတဲ့ လမ်းသစ် ကနေ DKBA တပ်ဖွဲ့ကို ဖယ်ရှားချင်လို့ ဖြစ်တယ်လို့ သတင်း ရင်းမြစ် တစ်ခုက ပြောပါတယ်။ အဲဒီလမ်းသစ်ဖွင့်ပွဲကို ဒီလကုန်ပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်ဖို့ အစိုးရက စီစဉ် ထားတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
ဒီအတွင်း မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ DKBA ဆက်ဆံရေးရုံးက ဒုတိယ တာဝန်ခံ ဦးသန်းအောင်ကို မြဝတီ အခြေစိုက် ၂၇၅ တပ်က လာရောက်ခေါ်ဆောင် သွားပြီး၊ ရဲစခန်းမှာ ချုပ်ထားလိုက်ပါတယ်။ သတင်းတွေအရ ဦးသန်းအောင်ကို မတရားသင်းဆက်သွယ်မူပုဒ်မ ၁၇-၁နဲ့ အရေးယူထားတယ်လို့ ဗိုလ်ကြီး စောသရီးထူး က ပြောပါတယ်။
အစိုးတပ်နဲ့ DKBA ကြား တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူး ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။