ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွား
2013.09.18
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်မှာ မနေ့ညနေပိုင်းက အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နမ္မတူမြို့နယ်က ကုန်းကုလားကျေးရွာမှာလည်း ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယရုံးအဖွဲ့မှူး ဦးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။
“မနေ့ကတော့ ၃ နာရီကနေ ၃ နာရီခွဲလောက် ကျနော်တို့ မိုင်းရယ် အရှေ့ဘက်မှာရော၊ မိုင်းရယ် အနောက်ဘက်မှာရော တိုက်ပွဲဖြစ်ပါတယ်၊ ခမရ ၅၄ ပေါ့၊ ကျနော်တို့ SSA တပ်ဘက် သူတို့ဆက်ပြီးတော့ ဝိုင်းပြီးတက်တဲ့ အနေအထားမှာရှိပါတယ်၊ အဲဒါကနေစပြီးတော့ မိနစ် ၃ဝ လောက် တိုက်ပွဲဖြစ်ပါတယ်၊ လောလောဆယ်တော့ ငြိမ်နေတဲ့သဘောရှိပါတယ် ”
အဲ့ဒီနယ်မြေတွေမှာ အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေ နှစ်ဘက်တပ်ချထားတဲ့နယ်မြေတွေ ရောယှက်နေတဲ့ နယ်မြေတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ဘက်က အတည်ပြုချက်မရရှိသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။