ရှမ်း၊ တအာင်း၊ ကချင်တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
-
2015-09-09 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒီကနေ့မနက်အထိ ကွတ်ခိုင်မြို့နယ် ဂျရမ်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမိုင်းအိုက်ကျော်က ပြောပါတယ်။
"တိုက်ပွဲကတော့ ဒီနှစ်ရက် သုံးရက်နေ့က ပြန်ဖြစ်တာပေါ့နော်၊ အခြေအနေက ပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ထိုးစစ်တွေ တော်တော်လေးများလာတယ်၊ အစိုးရဘက်က အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်၊ အခုအဓိကဖြစ်နေတာက ကွတ်ခိုင်နဲ့ မိုးမိတ်မြို့နယ်ပေါ့နော်၊ မနေ့က ကွတ်ခိုင်နားမှာဖြစ်တယ်၊ တနေ့က ကျောက်မဲမှာတစ်ပွဲ ကွတ်ခိုင်မှာတစ်ပွဲထပ်ဖြစ်တယ်၊ ဒီနေ့မနက်လည်း ကွတ်ခိုင်က မနေ့ကဖြစ်တဲ့နားမှာပြန်ဖြစ်တယ်"
ကွတ်ခိုင်မြို့နယ်က မိုင်းယုလေး၊ ငေါ့ငါး နဲ့ ဂျရမ်းကျေးရွာတွေအပြင် ကျောက်မဲမြို့နယ်တဝိုက်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ TNLA တပ်မဟာ ၂ လက်အောက်ခံတပ်တွေနဲ့ အစိုးရတပ်မ ၇၇၊ တပ်မ ၆၆၊ တပ်မ ၃၃၊ တပ်မ ၈၈ တို့နဲ့ ပစ်ခတ်မှုတွေဖြစ်နေတာလို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်မှုတွေရှိနေပြီး အစိုးရတပ်မတော်ဘက်က ဒဏ်ရာရရှိသူတွေဟာ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံနေပါတယ်။
အလားတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၁၂ နဲ့ အစိုးရတပ်တွေ မနေ့ကအထိ ၂ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဒီအတောအတွင်း RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တောင်ပိုင်း တပ်မတော်နဲ့ အစိုးရတပ်တွေဟာ စက်တင်ဘာ ၇ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့ကလည်း ကျောက်မဲမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS အဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းမိဏ်းက RFA ကို အတည်ပြု ပြောဆိုပါတယ်။
"မနေ့က ကျောက်မဲနားမှာဖြစ်တယ်၊ ၇ ရက်နေ့ စက်တင်ဘာ ညနေမှာ တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်း တယ်ဆိုပြီးတော့ ကျနော်တို့ကို ရှောင်တခင်လာတိုက်တဲ့သဘောပါ၊ တစ်နာရီလောက်ဖြစ်ပွားခဲ့ပါတယ်၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းကတော့ တပ်မတော်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၇ ဦး ကျဆုံးပြီးတော့ ၃ ဦး ဒဏ်ရာရတယ်လို့တော့ကြားတယ်၊ ကျောက်မဲနားမှာ ၆ ဦးဆိုလား ကျဆုံးတယ်လို့ ကျနော်တို့ သိထားတယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး၊ အမှန်ဆိုရင် မလိုအပ်တဲ့လှုပ်ရှားမှုတွေ မရှိသင့်ဘူးပေါ့နော်၊ ဒီလိုအပစ်ခတ်ရပ်စဲရေးကို ကြိုးစားနေတဲ့အချိန်မှာ"
စက်တင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ အစိုးရဘက်က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် လက်အောက်ခံ လွိုင်လင်မြို့အခြေစိုက် အမှတ် ၁၂ ခြေလျင်တပ်ရင်းနဲ့ ဖြစ်ပွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့ကတော့ ကျောက်မဲမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်တွေနဲ့ RCSS အဖွဲ့က အုပ်ချူပ်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဗိုလ်မှူး စိုင်းမိဏ်းက ပြောပါတယ်။