မန္တလေးလေဆိပ်စီမံကိန်း သိမ်းယူမြေဧက ၉၀၀၀ ကျော် ပြန်ပေးမည်
တံတားဦးမြို့နယ်မှာရှိတဲ့ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်း အတွက် သိမ်းထားတဲ့ လယ်ဧက ၂၇၀၀၀ ထဲက လေဆိပ် စီမံကိန်းအတွက် အသုံးမပြုတဲ့လယ် ဧက ၉၀၀၀ ကျော်ကို မူလပိုင်ရှင် လယ်သမားတွေဆီပြန်ပေးမယ်လို့ သိရပါတယ်။
-
2014-05-09 -
-
-
Your browser doesn’t support HTML5 audio
တံတားဦးမြို့နယ်မှာရှိတဲ့ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ဧက ၂၇၀၀၀ ထဲက လေဆိပ်စီမံကိန်းအတွက် အသုံးမပြုတဲ့လယ် ဧက ၉၀၀၀ ကျော်ကို မူလပိုင်ရှင် လယ်သမားတွေဆီပြန်ပေးမယ်လို့ သိရပါတယ်။
အဲ့ဒီလယ်တွေပြန်ပေးဖို့အတွက် ပထမအဆင့်အနေနဲ့ ယာယီလယ်လုပ်ကိုင်ခွင့် ပုံစံ ၃ ရအောင် ဆောင် ရွက်ပေးမယ်လို့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောပါတယ်။
"ပုံစံ ၃ က အခုလောလောဆယ်မှာကျတော့ သိမ်းဆည်းခံထားရတာ အနှစ် ၂ဝ လောက်ကြာ ပြီဆိုတော့ ဒီမြေဟာ သူပိုင်သလား ကိုယ်ပိုင်သ လားပေါ့၊ ဒီလယ်ယာမြေ မှတ်ပုံတင်ခွင့်ဥပဒေမှာ လယ်လုပ်တဲ့သူသာလျှင်ဆိုတာပါတယ်၊ အဲတော့ ကျမတို့ဒါတွေ ဖြေရှင်းလို့ရအောင် အချိန်တစ်ခုပေးကြရမယ်၊ ဒါတွေကို လောလောဆယ် ပုံစံ ၇ ဆိုပြီး ဒိုင်းကနဲပေးလိုက်ရင် အဲလိုပြဿနာတွေ ဖြေရှင်းတဲ့နေရာကျတော့ အခက်အခဲဖြစ်နိုင်တယ်ပေါ့၊ အဲဒါကြောင့် ကျမတို့က ယာယီမှတ်ပုံတင်ဆိုပြီးတော့ အရင်ဆုံးပေးတယ်"
လေဆိပ်စီမံကိန်းအတွက် စဉ့်ကိုင်မြို့နယ်နဲ့ တံတားဦးမြို့နယ်တို့က ကျေးရွာပေါင်း ၁၀ ရွာက လယ်မြေတွေကို ၁၉၉၃ ခုနှစ်ကတည်းက သိမ်းယူခဲ့တာပါ။
အခုပြန်ပေးမယ့် လယ်မြေတွေကတော့ တံတားဦးမြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ်တွေက စကားအင်း၊ ပန်းယျ၊ သဲမောင်းကန်၊ သားများဘ၊ ကန်ချော စတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။ ကျန်တဲ့ကျေးရွာတွေက လယ်မြေတွေကိုလည်း ပြန်ရအောင် အဆင့်ဆင့်တင်ပြသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ ပေါက်တောကျေးရွာမှာ ခမရ ၁၀ တပ်ရင်းအတွက် အဆောက်အဦးဆောက်လုပ်ဖို့ဆိုပြီး သိမ်းထားတဲ့လယ်မြေတွေထဲက အသုံးမပြုတဲ့ ဧက ၈၀ ကျော် ပြန်လည် ရရှိရေးအတွက် ရာဂဏန်းလောက်ရှိမယ့် ပေါက်တောကျေးရွာ လယ်သမားတွေက ပေါင်းတည်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
စစ်တပ်က အဆောက်အဦးတွေ မဆောက်ရသေးတဲ့ ကျန်တဲ့လယ်မြေတွေကို ပြန်ပေးမယ်ဆိုပေမဲ့ အခုချိန်ထိမပေးသေးတာကြောင့်ဆန္ဒပြတောင်းဆိုတာလို့ ပေါက်တောကျေးရွာကလယ်သမား ကိုခင်မောင်လှိုင်က ပြောပါတယ်။
ပေါင်းတည်မြို့နယ်အခြေစိုက် ခမရ ၁၀ တပ်ရင်းက ဧကပေါင်း ၄၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ်က သိမ်းခဲ့တာဖြစ်ပြီး အဲဒီထဲကအဆောက်အဦး မဆောက်ရသေးတဲ့ လယ်ဧက ၈၀ ကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲကနေ ပိုလျှံတဲ့မြေနေရာအချို့ကို မူလပိုင်ရှင်တွေဆီ လာမယ့်ဇွန်လမှာ ပြန်လည်ပေးအပ်သွားမယ့်ကိစ္စနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားတာ နားဆင်နိုင်ပါတယ်။