ရက္ခိုင့်တပ်မတော်ကို လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်စာဖြန့်ဝေ

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လက်နက်ချပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာတွေကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မနေ့ က ဖြန့်ဝေလိုက်ပါတယ်။

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် Photo: Arakan Army

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လက်နက်ချပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာတွေကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မနေ့က ဖြန့်ဝေလိုက်ပါတယ်။

လက်နက်ချ အလင်းဝင်လာသူတွေရှိရင် သူတို့ရဲ့ရပိုင်ခွင့်တွေရရှိအောင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင် ရွက်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"ထုတ်ပြန်တယ်ဆိုတဲ့ဟာက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွက်ကလည်း အရေးယူဆောင်ရွက်ပြီးသားပဲလေ၊ တကယ်လို့ ဟိုဟာဖြစ်လို့ရှိရင် ကျနော်တို့က အပေါ်ကိုချိတ်ပြီးတော့ ရပိုင်ခွင့်တွေ ရအောင်လုပ်ပေးမှာပေါ့ဗျာ၊ အဲ့သဘောမျိုးပါပဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ရပ်ကျေးတွေကိုဖြန့်မယ်၊ ၁၇ မြို့နယ် တစ်ပြည်နယ်လုံးကိုဖြန့်တာ"

အဲဒီစာတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီက ထုတ်ပြန်တာလို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နီးစပ်ရာကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ ရဲစခန်း၊ တပ်မတော် စစ်ကြောင်းတွေထံဖြစ်စေ လာရောက်အလင်းဝင်ကြဖို့နဲ့ အလင်းဝင်ရောက်လာသူတွေကို ဖမ်းဆီးအရေးယူမှာ မဟုတ်ကြောင်းလည်း ပါရှိပါတယ်။

အစိုးရတပ်မတော်ထံမှာ လာရောက်အဖမ်းခံတဲ့ AA တပ်ဖွဲ့ဝင် သုံးဦးကို အလင်းဝင်သူတွေအဖြစ် သတ်မှတ်ပြီး စီစစ်မှုတွေပြုလုပ်ကာ အရေးမယူဘဲ ပြန်လွှတ်ပေးသွားမယ်လို့လည်း ပါရှိပါတယ်။

မြို့ရွာတွေမှာ တိမ်းရှောင်နေတဲ့ AA တပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တခြားအဆင့်ရှိသူတွေကို အစိုးရ တပ်မတော်ဘက်က ဖမ်းဆီးရမိထားပြီး ထောင်ဒဏ် ၃ နှစ်၊ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် နှစ် ၂၀ နဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်းဒဏ်တွေကို ကျခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org