ရခိုင်မြောက်ပိုင်း သတင်းရယူခွင့်ပိတ်ပင်မှု ဆိုးကျိုးကြောင့် တိုင်းပြည်အဖတ်ဆယ်ဖို့တောင် အခက်ကြုံ
၂ဝ၁၆ အောက်တိုဘာလနောက်ပိုင်း ရခိုင်ပြည်နယ်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်ပိတ်ပင် ထားတာဟာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပြီး အခုချိန်မှာ အဖတ်ဆယ်ဖို့တောင် ခက်သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောကြားလိုက်ပါတယ်။
-
2018-10-23 -
-
-
၂ဝ၁၆ အောက်တိုဘာလနောက်ပိုင်း ရခိုင်ပြည်နယ်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်ပိတ်ပင် ထားတာဟာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပြီး အခုချိန်မှာ အဖတ်ဆယ်ဖို့တောင် ခက်သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းမီဒီယာဝင်ရောက်ခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
သူ့အတွေ့အကြုံအရ သတင်းရယူခွင့်ကို မူဝါဒချမှတ်ခွင့်ပြုခဲ့မယ်ဆိုရင် ရှုထောင့်ပေါင်းစုံက ဝင်ရောက်ရေးသားခွင့် ရတဲ့အတွက် အခုမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ကောလာဟလ သတင်းတွေကို ချေဖြတ်နိုင်သလို၊ တဖက်မှာလည်း မြေပြင်မှာ သတင်းမီဒီယာတွေရှိနေတဲ့အတွက်ကြောင့် ပြစ်မှုကျူးလွန်သူတွေအတွက် အဟန့်အတားဖြစ်စေသလို၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း တာဝန်ထမ်းဆောင်ရာမှာ သတိထား ဆောင်ရွက်တာတွေ ဖြစ်လာစေတဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာစေတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် အခုချိန်မှာ အစိုးရရဲ့ သတင်းမီဒီယာ ပိတ်ဆို့မှုတွေကနေ ဆင့်ကဲရလာတဲ့ဆိုးကျိုးတွေကြောင့် အခုချိန်မှာ ပြန်ပြီး အဖတ်ဆယ်ဖို့တောင်ခက်သွားပြီ လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။
RFA က လေ့လာစုံစမ်းစစ်ဆေးချက်အရ ရခိုင်မြောက်ပိုင်းသတင်းရယူခွင့်ကို တရားဝင် ပိတ်ပင်မထားပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ်သတင်းရယူခွင့်ကိုတော့ ပြည်ထောင်စုအစိုးရကရော၊ ပြည်နယ်အစိုးရကပါ တာဝန်ယူ ခွင့်ပြုဆောင်ရွက်ပေးခြင်းမရှိပါဘူး။
ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းထောက်တွေကတော့ တဖက်သတ် သတင်းတွေ စွပ်စွဲချက်တွေ ချေပနိုင်ဖို့၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်လည်ရရှိဖို့ ပဋိပက္ခဖြစ်ပွားရာဒေသကို သတင်းထောက်တွေ လွတ်လပ်စွာ သွားလာသတင်းယူခွင့်ပြုသင့်ကြောင်း RFA ကို ပြောပါတယ်။