မောင်တောက ဟိန္ဒူဒုက္ခသည်တွေကို အစိုးရ ရိက္ခာထောက်ပံ့

ရခိုင်ပြည်နယ် မောင်တောမြို့က ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ ဟိန္ဒူဒုက္ခသည် ၁၂၀၀ ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ရက်သတ္တနှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့ ဒုက္ခသည်စခန်းက ဟိန္ဒူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက စားနပ်ရိက္ခာ ထောက်ပံ့စဉ် .

ရခိုင်ပြည်နယ် မောင်တောမြို့က ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ ဟိန္ဒူဒုက္ခသည် ၁၂၀၀ ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ရက်သတ္တနှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဟိန္ဒူဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၉၃ စုနဲ့ လူဦးရေ ၁၂၂၅ ဦးရှိပြီး အချိန် ၃ လကျော်အကြာ ထောက်ပံ့မှုတွေ မရခဲ့ဘဲ မနေ့ကတော့ ရိက္ခာတွေ လာရောက်ပေးအပ်ခဲ့တယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဟိန္ဒူဘာ သာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်လှ က RFA ကို ပြောပါတယ်။
မောင်တောက ဟိန္ဒူဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်တောက်နေတာနဲ့ ပတ်သက်လို့ ဦးလှမောင်ရဲ့ ပြောကြားချက်ကို RFA က သတင်းပေးပို့ ထုတ်လွှင့်အပြီး ၁၀ ရက်အကြာမှာ အခုလို အစိုးရက ထောက်ပံ့မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

ဟိန္ဒူဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရဲဘော်ကျ၊ ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရွှေဇား စတဲ့ကျေးရွာတွေကနေ မောင်တောမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ အချိန် ၉ လကျော်အတွင်းမှာ အစိုးရက စားနပ်ရိက္ခာ အကူအညီ ၄ ကြိမ်သာ ပေးဖူးတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အဲဒီဟိန္ဒူ ဒုက္ခသည်စခန်းကို စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့ရမယ့် ကယ်ဆယ်ရေးစခန်း တစ်ခုအဖြစ် တရားဝင်အသိအမှတ်မပြုတာကြောင့် ရိက္ခာအခက်အခဲနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ ဟိန္ဒူ ဒုက္ခသည်တွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org