အစိုးရအပေါ် ဆန္ဒမစောကြဖို့ ပြန်ကြားရေးဌာန ပြောဆို
အပြောင်းအလဲတွေ ဆောင်ရွက်နေတဲ့ အစိုးရသစ် အပေါ် ကောက်ချက်ချ မစောကြဖို့ အစိုးရ အရာရှိကြီး တစ်ဦးက မနေ့က အီးမေးက တဆင့် တုံ့ပြန် ပြောဆိုလိုက်ကြောင်း The Wall Street Journal က ဖေါ်ပြလိုက် ပါတယ်။
-
2011-10-13 -
-
-
သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား အရေအတွက် နဲပါးနေသည့်အပေါ် ဖော်ပြထားသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ထုတ် The Wall Street Journal သတင်းစာ ဖြစ်ပါသည်။
RFA
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား (၆) ထောင်ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်လောက်သာ ပါဝင်တဲ့အတွက် အများက ဝေဖန် ပြစ်တင် ပြောဆို နေကြပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက်
အရေးကြီးပြီး၊ ထင်ရှားသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်ထောင်လောက် ကျန်နေသေးတဲ့ အတွက်လည်း စစ်မှန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဟုတ်မဟုတ် မေးခွန်း ထုတ်နေကြပါတယ်။
ဒီ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး နဲ့ လူထုဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က အစိုးရအပေါ် အလျင်စလို အပြီးသတ် ကောက်ချက် မချကြစေလိုကြောင်း၊ နောက်ထပ် အပြောင်းအလဲတွေ လာဖို့ရှိကြောင်း ပြောဆိုလိုက်ပါတယ်။
လက်ရှိ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တချို့ အားမရကြဘဲ အခုထက် ပိုပြီး တိုးတက် ဆောင်ရွက်ဖို့ ပြောဆိုနေကြတဲ့ အပေါ် မိမိတို့ နားလည်ပါတယ်၊ ဒါပေမဲ့ မိမိတို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ရဲ့ အစပိုင်းမှာသာ ရှိနေကြပါသေးတယ်၊ အခု လတ်တလော အကျဉ်းသားတွေ
ပြန်လွှတ်တာ၊ စာပေစိစစ်မှု လျော့ချတာ စတာတွေဟာ ဒီဖြစ်စဉ်ရဲ့ နိဂုံးချုပ် မဟုတ်ပါဘူး၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသေးတယ်၊ ဒီဖြစ်စဉ်ရဲ့ ရွေ့လျားနှုန်းဟာ အစိုးရ အပေါ်မှာ သာမက၊ ပါဝင် ပတ်သက်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပူးပေါင်း ဆောင်ရွက်မှု
အပေါ်မှာလည်း တည်နေပါတယ်၊ ဒါကြောင့် မှန်ကန်တဲ့ လမ်းကြောင်းဆီကို ဦးတည် လှမ်းနေတဲ့ အစိုးရရဲ့ ဆောင်ရွက်မှုတွေကို အားလုံးက အားပေးထောက်ခံ သင့်ကြပါတယ် လို့ ပြန်ကြားရေး နဲ့လူထု ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် ရဲ့ အီးမေးမှာ ပါရှိကြောင်း
The Wall Street Journal က ဖေါ်ပြလိုက် ပါတယ်။